Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

စင်သီယာ

(1)
The worst part of holding the memories is not the pain. It’s the loneliness of it. Memories need to be shared. – The Giver

ညက စင်သီယာကို အိပ်မက်မက်တယ်
မိုးတွေ အရမ်းရွာလို့ လားမသိ
အိပ်မက်ထဲမှာ စင်သီယာက အဲ့အရွယ်ပဲ ၃တန်းကောင်မလေး တယောက်ပဲ ငါကတော့ သူ့ထက် ၂နှစ်ငယ်တဲ့ ညီမလေးပေမယ့် သူ့ကို ဆရာလုပ်ပြီး စကားတွေတတ်နေတုန်းပဲ။ စင်သီယာမေမေ့ကိုလည်း တွေ့တယ်။ အိပ်မက်ထဲက အန်တီက ကျန်းမာနေတုန်းက အန်တီပုံစံပဲ။ ဆံထုံးထုံးထားပြီး အရမ်းလည်း ပိန်မသွားသေးဘူး
စင်သီယာရယ် ငါရယ် အိပ်မက်ထဲမှာ ယုဇနတိုက်တွေကြားက လမ်းမပေါ်မှာ မိုးရေချိုးနေကြတာ။
ငါက သူ့နာမည်အော်ပြီး မိုးရေထဲမှာ ပြေးနေတယ်။ သူကတော့ သူ့ကို စင်သီယာလို့ မခေါ်ဖို့ စင်သီယာလို့ ခေါ်ရင် သူဖျားတတ်လို့ မခေါ်ဖို့ မိုးထဲလေထဲမှာ လှမ်းအော်နေတယ်။ ငါက 'စင်သီယာ အရမ်းတုံးတာပဲ နာမည်ကြောင့်ဖျားတာမဟုတ်ဖူး မိုးရေချိုးလို့ ဖျားတာပေါ့' လို့ ပြန်ပြောပြီး ရယ်နေတယ်။ အိပ်မက်ထဲမှာတောင် စင်သီယာက တုံးနေတုန်းပဲ။ ဘယ်လောက်တုံးတဲ့ ကောင်မလေးလဲ သူ့အမေ နေမကောင်းဖြစ်တာလည်း မသိ။ သူ့အဖေထားခဲ့တာလည်း မသိ။ ပြီးတော့ ငါငိုတယ်။ ပြီးတော့ အိပ်မက်ထဲမှာ စင်သီယာက သူ့အမေပုံမျိုး ဖြစ်သွားတယ်။ နေမကောင်းဖြစ်တော့ အရမ်းပိန်ပြီး ဆံပင်တွေ မရှိတော့တဲ့ အန်တီပုံစံ။ မိုးရေထဲမှာ အန်တီလား စင်သီယာလားမသိ ငါ့ဆီပြေးလာနေတယ်.....


အိပ်မက်ကနိုးတော့ ညလယ်ကြီး။ မိုးတွေကလည်း ရွာလိုက်တာမှ တညလုံးပဲ။
စင်သီယာနဲ့ပတ်သက်လို့ ကြီးမေပြန်ပြောတာရဲ့ တဝက်လောက်ကိုပဲ အသေအချာမှတ်မိတယ်။ စင်သီယာကို စသိတော့ ငါက တစ်တန်း။ သူကတော့ သုံးတန်းကျောင်းသူမကြီးပေါ့။  ကျောင်းပိတ်ရက်မှာ ကြီးမေရှိတဲ့ ယုဇနကိုလာလည်တဲ့အချိန် စင်သီယာမေမေနဲ့ ကြီးမေက တိုက်နီးနားချင်း ရင်းနှီးတော့ အမြဲလာလည်ရင်း စင်သီယာနဲ့ သူငယ်ချင်း ဖြစ်တာ။ စင်သီယာမှာ ငါအရမ်းကြိုက်တဲ့ အရုပ်မလေးတရုပ် ရှိတယ် အဲ့အရုပ်မလေးက နောက်တော့ ဘယ်ကနေ ဘယ်လိုမှန်းမသိ ငါ့အရုပ်မလေး ဖြစ်သွားတယ်။

အသက် ၂နှစ်ကွာပေမယ့် ငါက အမြဲသူ့ကို ဆရာကြီး လုပ်တယ်။ အမေနဲ့ ၂ယောက်ထဲ နေရတဲ့ တဦးတည်းသောသမီးဆိုတော့ သူက ငါ့ကို ညီမလေးတယောက်လို ချစ်ပြီး ဆိုးသမျှ သည်းခံတဲ့ပုံပဲ။ သူအရုပ်တွေ အကုန်ယူဆော့လည်း ဘာမှမပြော အမြဲ ကျေနပ်သဘောကျနေတာပဲ။

တစ်တန်းနှစ်တွေမှာ ကျောင်းပိတ်ရက်နည်းနည်းရှည်တာနဲ့ ကြီးမေရှိတဲ့ ယုဇနကို အလည်သွားချင်ရတဲ့ အကြောင်းရင်းက များပါ့ အီကြာကွေး အကြီးကြီးတွေစားရတာရယ် လက်ဖက်ရည် အဝသောက်ရတာရယ် မြို့ဦးမုခ်ကနေ ဝင်လာတိုင်း တွေ့ရတဲ့ ရွံလူးနေတဲ့ ဝက်မကြီးကို အပြေးကြည့်ရတာရယ် ပြီးတော့ တနေကုန်ဆော့ဖော်ဆော့ဖက် ဆိုးချင်တိုင်းဆိုးလို့ရတဲ့ စင်သီယာရှိနေတာရယ်တွေကြောင့် အိမ်ကလူတွေက ကျောင်းတက်ဖို့ ကျောင်းဖွင့်ရက်တွေဆို အမြဲလာခေါ်ရတော့တာပဲ။ လာခေါ်တိုင်းလည်း မပြန်ချင်ဖူး။ ကျန်ခဲ့ရတဲ့ စင်သီယာတော့ ဘယ်လိုနေမလဲ မသိဖူး ။

ငတုံးမစင်သီယာက ငါနဲ့ပေါင်းရင်တော့ လူဆိုးမပေါ့ ငါတို့၂ယောက်ပေါင်းပြီး မျက်နှာချင်းဆိုင်တိုက်ခန်းက ကလေးမလေး ၂ယောက်ကို ငိုအောင်စကြတယ်။ သူတို့ အရုပ်တွေလုပြေးတာမျိုး သရဲလိုက်ခြောက်တာမျိုး သူတို့ မငိုမချင်းကို စကြတာ။ ငါက အဲ့ကလေးမလေး၂ယောက် ငိုအောင်စပြီး ရယ်တော့ စင်သီယာကပါ အမြဲလိုက်ကူစပေးတယ်။ စင်သီယာက ကိုယ့်ဘာကိုယ် ဘယ်လိုပျော်အောင်နေရမလဲဆိုတာ မသိလောက်အောင်တုံးပါ့။ ငါလုပ်ပြမှ လိုက်လုပ်တတ်တယ်။  အဲတုန်းက စင်သီယာမေမေအန်တီက ငါ စ တိုင်း ကလေးတွေကို လိုက် မစဖို့ ၊ ငါပြန်သွားရင် သမီးနဲ့ ကစားမည့်သူ မရှိပဲ နေမှာပေါ့ စင်သီယာ' ဆိုပြီး အမြဲသတိပေးတယ်။  ဒါပေမဲ့ စင်သီယာက အန်တီစကားကို နားမဝင်ဘူး။

ယုဇနမှာ ညဘက်တွေဆို တိုက်ခန်းတွေက တအားပူတော့ ငါတို့၂ယောက် လမ်းမပေါ်မှာ နေရင်နေ မဟုတ်ရင် တိုက်လှေကားမှာ ညဉ့်မနက်မချင်း အိပ်ဖို့ မခေါ်မချင်း ဆော့ရင်း နေနေကြတာပဲ။ တိုက်လှေကားရင်းမှာဆို ညဘက်တွေ လေတအားတိုက်တော့ ပန်ကာမလို ခြင်မကိုက်ပဲ နေလို့ အရမ်းကောင်းတာပဲ ။ အဲ့ညတွေမှာဆို စင်သီယာက သူ့ထက် ၂နှစ်ငယ်တဲ့ ကလေးမလေးတယောက် ဆရာမကြီးလေသံနဲ့ စကားပြောတာကို ထိုင်နားထောင်နေတတ်တယ်။

နောက်ပိုင်းမှာ ကြီးမေပြောပြတဲ့ စင်သီယာတို့ မိသားစုအကြောင်းတွေက ငါ့အိပ်မက်ဆိုးတွေပဲ။ နောက်ခြောက်လလောက်နေရင် သေတော့မယ့် အန်တီက စင်သီယာနဲ့ငါ့ ရှေ့မှာတော့ အမြဲပြုံးနေတာပါပဲ။ နောက်လပိုင်းဆိုရင် အန်တီကို မမြင်ရတော့မှာပါလားလို့ ငါရော စင်သီယာရော မရိပ်မိ မတွေးမိခဲ့အောင် အန်တီအပြုံးက ဖုံးထားနိုင်ခဲ့တယ်။ စင်သီယာက လိုချင်တာ အမြဲရတယ် လိုချင်သမျှ အန်တီက အကုန်ဝယ်ပေးတာပဲ။ မနာလိုရလောက်အောင် စင်သီယာမှာ အမြဲဂါဝန်လှလှ အသစ်လေးတွေ အရုပ်မလေးတွေ ကစားစရာ အသစ်တွေ တွေ့ရတတ်တယ်။ အရုပ်သစ်ရတိုင်း ဂါဝန်အသစ်ဝတ်ပြီးတိုင်း သူက ငါ့ဆီ ပြေးကြွားနေကြ။ ဒါပေမဲ့ စင်သီယာ အကြိုက်ဆုံး အရုပ်မလေးကတော့ ငါ့ဆီမှာပေါ့။ ပြန်ပေးချိန်လည်း မရလိုက် နှုတ်ဆက်ချိန်လည်း မရလိုက် နောက်ဆုံးတွေ့ခဲ့တုန်းကလည်း ဒါ နောက်ဆုံးမှန်း ငါတို့၂ယောက်လုံး မသိလိုက်ဖူးလေ

ကြီးမေပြောပြသလောက်အရ စင်သီယာ မေမေ အန်တီမှာက ကင်ဆာရောဂါရှိတယ်တဲ့ သေတော့မှာတဲ့။ အဲ့ရောဂါအကြောင်း ဇာတ်ကားတွေထဲမှာ ကြားဖူးတာပေါ့။ ခြောက်လလောက်နေရင် သေသွားတာမျိုးလေ။ အဲဒါဆို စင်သီယာက တယောက်ထဲ ကျန်နေခဲ့ရတော့မှာလား ကြီးမေ လို့ ငါမေးတော့ သူ့ဖေဖေနဲ့ သွားနေရင်နေမှာပေါ့ လို့ ကြီးမေက မတင်မကျ ဖြေတယ်။  သူ့မေမေမရှိတော့ရင် အိပ်မက်ဆိုးမက်တဲ့ညတွေဆို သူဘယ်လိုလုပ်ပါ့မလဲ။ သူ့နေရာမှာ ငါဆိုရင်လို့လည်း တွေးပြီးကြောက်မိသေးတယ်။

ငါတို့မြို့က လက်ဖက်ရည်ဆိုင်တွေမှာ မနက်အိပ်ရာထနောက်ကျရင် အီကြာကွေးကုန်သွားလို့ မစားရပေမယ့် ယုဇနက လက်ဖက်ရည်ဆိုင်တွေမှာတော့ မနက်နောက်ကျမှထလည်း အီကြာကွေးအကြီးကြီးတွေ ရှိတတ်တယ်။ မနက်မိုးလင်းလို့ ကြီးမေရယ် ငါရယ် လက်ဖက်ရည်ဆိုင်သွားတိုင်း စင်သီယာတို့သားအမိကို တွေ့တတ်တယ်။ စင်သီယာက ငါကြိုက်တဲ့အစားအစာကိုလည်း လိုက်ကြိုက်သေးတယ်။ ငါလုပ်တာတွေဆို သူလိုက်လုပ်ရတာအမော။ သူအရင်က ဘာစားလဲမသိပေမယ့် ငါနဲ့ဆို အီကြာကွေးလိုက်စားတတ်တယ်။  ငါလုပ်တာလိုက်လုပ်တဲ့သူကို မုန်းပေမယ့် စင်သီယာကို တော့ ခြွင်းချက်အနေနဲ့ အဲ့တုန်းက မမုန်းခဲ့ဖူးထင်တာပဲ။

ငါ တစ်တန်းနှစ် စင်သီယာ သုံးတန်းနှစ်မှာပဲ အန်တီဆုံးတယ်။ အန်တီဆုံးကာနီးမှာ အန်တီက အရမ်းပိန်ပြီး မည်းသွားတာပဲ။ အရင်က အန်တီက နည်းနည်းဝပေမယ့် ချောတယ်လို့ ပြောလို့ရတဲ့အထဲမှာပါတယ်။ နောက်ဆုံးတခေါက်အန်တီကိုတွေ့တွေ့ချင်းက မှတ်တောင်မမှတ်မိဘူး။  ကြီးမေပြောပြသလောက် အန်တီဆုံးတော့ စင်သီယာဖေဖေရောက်နေတယ် ။ စင်သီယာက သူ့အဖေနဲ့လိုက်သွားမှာတဲ့။ ဒီမှာမနေတော့ဘူးတဲ့။

ယုဇနကို နောက်ဆုံးရောက်တဲ့တခေါက်မှာတော့ စင်သီယာတို့ မရှိတော့ဘူး ပြောင်းသွားပြီတဲ့။ ငါလုပ်တာတွေလိုက်လုပ်တတ်တဲ့ စင်သီယာမရှိတော့ ယုဇနက အရမ်းပျင်းဖို့ကောင်းတာပဲ။  အရှေ့တိုက်ခန်းက ကလေး၂ယောက်ကို အငိုစဖို့လည်း ပျင်းတယ်။ ညနေစောင်းရင် တိုက်လှေကားမှာ တယောက်ထဲ ထိုင်ရတာလည်း ပျင်းတယ်။ စင်သီယာကျန်ခဲ့တဲ့ ကစားစရာတွေနဲ့ ဆော့ရတာလည်း ပျင်းတယ်။ ပြီးတော့ အဲ့ နောက်ပိုင်း ယုဇနကိုလည်း သွားမလည်ဖြစ်တော့ဘူး။ သွားလည်ချင်ရတဲ့ အကြောင်းတွေထဲမှာ စင်သီယာမရှိတော့တာက အဲ့လောက်ကြီးဟာတာတာဖြစ်မယ်မှန်း မသိခဲ့ဘူး။

အဲဒီ နောက်ဆုံးရောက်တဲ့တခေါက်မှာပဲ ထပ်သိရတာက စင်သီယာ ဖေဖေဆုံးပြီဆိုတာပဲ။ လူကြီးတွေပြောတာက စင်သီယာမေမေက ကင်ဆာအပြင် အဲ့ခေတ်ကမှ စပေါ်တဲ့ အိတ်ခ်ျအိုင်ဗွီရှိတယ်တဲ့ အဲ့တော့ ခြောက်လပြည့်အောင်မနေရခင် သေသွားရတာတဲ့။ သူ့အဖေကလည်း အဲ့ရောဂါနဲ့ပဲဆုံးတာတဲ့။ ကလေးမလေးက ကံမကောင်းရှာဖူးတဲ့။ စင်သီယာအစား ငါကြောက်လိုက်တာ။  ငါ့ကို ကံမကောင်းတဲ့ ကလေးလို့ ဝိုင်းပြောကြမှာလည်း ကြောက်တယ်။  ငါချစ်ရတဲ့သူတွေမရှိတော့ပဲ ငါတယောက်ထဲ ကျန်ခဲ့ရမှာလည်း ကြောက်တယ်။

စင်သီယာက ယုဇနကို ပြန်လာမှာလား ကြီးမေခေါ်ထားလို့ မရဘူးလား ဒါမှမဟုတ် သူ့ကို သမီးတို့အိမ်ခေါ်သွားမယ်လေ လို့ ငါပြောတော့  ခေါ်ထားလို့ရရင် ခေါ်ထားချင်တာပေါ့ အခု သူက သူ့ဖိုးဖိုးဖွားဖွားရှိတဲ့ဆီလိုက်သွားပြီ သမီးရဲ့ လို့ ကြီးမေက ငါ့ကိုနှစ်သိမ့်တယ်။

အဲ့နောက်ပိုင်းမှာတော့ စင်သီယာ ဘယ်မှာလဲ အခုလောက်ဆို သူဘာလုပ်နေမလဲ  ကြီးမေလို့ ငါ စမေးတတ်လာတာ တော်တော် ကြာတဲ့အထိပဲ။
တခါတခါ မိုးတွေရွာတာမျိုး အိပ်မက်မက်တာမျိုး ကြီးမေနဲ့ ယုဇနအကြောင်း စကားစပ်မိတာမျိုးတွေဆိုရင်   ကြီးမေက အခုနေ စင်သီယာကို ပြန်တွေ့ရင် ငါတို့ဘယ်မှတ်မိပါတော့မလဲလို့ စကားစတတ်တယ် အဲ့လို ပြောပြီး ကြီးမေကလည်း သူ့သူငယ်ချင်းသားအမိကို သတိရ ငါကလည်း မျက်နှာတောင် ပုံဖော်လို့မရတဲ့ သုံးတန်းအရွယ် ကောင်မလေးအကြောင်း ခပ်ငေးငေးတွေးမိတယ်

ညက အိပ်မက်တွေ မကောင်းဘူး စင်သီယာ နင် ဘယ်မှာလဲ အခုလောက်ဆို ဘာလုပ်နေမလဲ အရမ်းသည်းခံတတ်ပြီး အရမ်းချစ်တတ်တဲ့ ကောင်မလေးဘေးမှာ ချစ်ပေးတတ်တဲ့ သူတယောက်လောက် ရှိနေရင်တော့ ကံကောင်းတာပေါ့ ...

Comments