Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

မျှော်လင့်ခဲ့မိသော



မျှော်လင့်ခဲ့မိသော

တချို့မေးခွန်းတွေက မေးရခက်တယ်။ မင်းက  မေးခွန်းတစ်ခုကို မေးတယ် ဒါမှမဟုတ် အရိပ်အမြွက် အနည်းငယ်ပြောပြတယ် ပြီးတော့ အရိပ်အမြွက်အများကြီး ပြောပြတယ်။ ဒါပေမဲ့ တခါတလေမှာ လူတွေက မကြားချင်သလိုမျိုးပဲ။ သူတို့မှာ တကယ့်ကို မာကြောတဲ့အခွံအကာတွေရှိတယ်။ ပင်လယ်လိပ်ရဲ့ အခွံမျိုးပေါ့။ ပြီးတော့ သူတို့ဟာ မင်းရဲ့စကားလုံးတွေကို ဘာဆိုဘာမျှ မကြားတော့ဘူး
   

(၁)
 ဒီနေ့ည ကိုလင်းနေ လာလိမ့်မယ်။ အမေက သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့ ပြောတယ်။ ကျွန်မက ဒီအကြောင်းကို မောင့်ကိုပြောတော့
     'အဲဒီတော့' တဲ့။
     'သူက ကျွန်မကိုစိတ်ဝင်စားနေတာ။ သူကျွန်မကို လက်ထပ်ချင်နေတယ်။ သူက သြစတေးလျမှာ နေတယ်။'
     မောင်က ပြုံးရုံသာပြုံးတယ်။ ဒါဟာ မောင်အမြဲပြုနေကျ ကျွန်မ မကြိုက်ဆုံးအပြုံးပေါ့။
     'ကိုလင်းနေကိုသိသလား'
     မောင်က သူ့ခေါင်းကိုရမ်းပြီး မသိဘူးလို့ဖြေတယ်။ ပြီးတော့ မောင်ရယ်ခဲ့တယ်။
     'သူက မြန်မာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ချင်တာတဲ့လား'
     'အင်း.. ကိုလင်းနေက ပိုက်ဆံရှိတယ် ဆစ်ဒနီမှာ အိမ်ရှိတယ် သြစတေးလျ နိုင်ငံသားခံယူထားတယ်'
     မောင်ရယ်လျက် ကျွန်မကို စိုက်ကြည့်ကာ
     'အဲဒီတော့ တင့်က ကိုယ့်ကို ဘာပြောချင်တာလဲ တင့်က နိုင်ငံခြားမှာ အလုပ်လုပ်တဲ့ ပိုက်ဆံရှိ ငပိန်းတစ်ယောက်ကို လက်ထပ်တော့မယ်ပေါ့ အဲဒါပြောဖို့ ကိုယ့်ဆီလာခဲ့တာလား'

(၂)
တကယ်တော့  ကျွန်မ ဒီအကြောင်းပြောဖို့ မောင့်ဆီ လာခဲ့တာ မဟုတ်။ ကျွန်မနဲ့မောင် စတွေ့ခဲ့တာက မွေးနေ့ပါတီ တစ်ခုမှာပါ။ အဲဒီတုန်းက ကျွန်မတို့အုပ်စုမှာ လူအယောက်၂၀လောက်ရှိတယ်။ အဲဒီထဲက လူ အတော်များများကို ကျွန်မ မသိပါ။ သူငယ်ချင်း'စု'က သူတို့ကြားထဲ ကျွန်မကို ခေါ်သွားခဲ့တယ်။ အဲဒီနေ့က စု သူငယ်ချင်းမွေးနေ့ဖြစ်ပြီး လူစည်ကားနေခဲ့တယ်။ မီးအရောင်မှောင်ပျပျ အောက်မှာ ကပွဲဟာလည်း အသက်ဝင်နေခဲ့တယ်။ မောင်က ကျွန်မတို့ အုပ်စုက မဟုတ်ခဲ့ဘူး။ မောင် ကျွန်မဆီရောက်လာပြီး သူနဲ့အတူ တွဲကဖို့ ပြောတယ်။ ကျွန်မ ငြင်းဖို့ ကြိုးစားနေပေမယ့် မောင့်မျက်နှာကို အလင်းရောင်ဖြာကျတဲ့အခိုက် ကျွန်မနဲ့အတူ ကဖို့ စိတ်အားထက်သန်နေတဲ့ မောင့်မျက်လုံးတွေအောက် ကျွန်မ အရည်ပျော်ခဲ့ရပါတယ်။ ကျွန်မတို့ တစ်ညလုံး ကခဲ့ကြတယ်။ မောင်က အစားအသောက်တွေ ယူလာပေးရင်း နောက်တစ်ကြိမ် တွေ့ဖို့ တောင်းဆိုခဲ့တယ်။

နောက်တစ်နေ့ မောင့်ကိုတွေ့တော့ မောင်က သဲသောင်ပြင်တဲထဲမှာ စားဖိုမှူးအဖြစ်နဲ့ပေါ့။ မောင်က ကျွန်မထက် အသက်နည်းနည်းပိုကြီးတယ်။ အရပ်ရှည်ရှည် မြင့်မြင့်မားမားနဲ့ အမြဲပြုံးနေတတ်တဲ့သူ။ ထူထဲနက်မှောင်ပြီး မသေမသပ်ဖြစ်နေတဲ့ မောင်ရဲ့ ဆံပင်တွေ။ မောင်ဟာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့သူပဲ။ မောင်က အစားအသောက် စားရတာထက် သူလုပ်ပေးတဲ့ အစားအစာတွေကို တပါးသူတွေက စားနေရင် ကြည့်ပြီးကျေနပ်တဲ့သူ။ သူရဲ့စားသုံးသူတွေ သူငယ်ချင်းမိတ်ဆွေတွေ ဝလာတာမျိုး ပျော်နေတာမျိုးကို ပြုံးပြီးကြည့်နေတတ်တဲ့သူ။ မောင်ကပြောတယ် ပင်လယ်ပြင်ကြီးရဲ့ အရှေ့မှာ ပင်လယ်ထဲက ပုစွန်လုံးကြီးကို ချက်နေရတာလောက် ကောင်းတဲ့အရာ ဘာမှမရှိဖူးတဲ့။ မောင်ရဲ့ မျက်နှာက ကြီးပြီး လေးထောင့်ကျတော့ မောင့်ကိုကြည့်ရတာ တစ်ခုခုကို သဘောကျပြီး ရယ်တော့မယ့်ပုံစံမျိုး ဖြစ်နေတယ်။ ပြီးတော့ မောင်ရယ်လိုက်တဲ့အခါတိုင်းလည်း ပင်လယ်ပြင်ကြီးတစ်ခုလုံးဟာ ပြုံးနေတဲ့ လှိုင်းတွေ ရိုက်ခတ်နေသလိုမျိုးသာ ဖြစ်နေတော့တယ်။ ပင်လယ်ပြင်ကြီးနဲ့ ကမ်းခြေဟာလည်း မောင်နဲ့အတူ ချစ်စရာကောင်းလိုက်တာ...

(၃)
ဒီနေ့မောင့်ဆီသွားတော့ မောင်က ကျွန်မကို လှိုက်လှိုက်လှဲလှဲ ပြုံးပြီး နှုတ်ဆက်ပါတယ်။
     'ခဏလေးထိုင်ဦး မကြာဘူး' ဟုဆိုကာ
မောင်က ပန်းကန်လုံးထဲမှာ ရှိနေတဲ့ ပုစွန်ထုပ်တွေကို ခေါင်းဖြတ် အခွံချွတ်နေတယ်။ ပြီးတော့ ပုစွန်ထုပ်တစ်ခုချင်းစီမှာ ကျောရိုးပုံစံ အဝိုင်းပုံဖြတ်ထားတဲ့ အပြာရောင်သွေးကြောမျှင်လေးကို ဂရုတစိုက် ဆွဲထုတ်နေတယ်။
     'ဒီမှာကြည့် sea-poison' ဆိုပြီး သွေးကြောမျှင်ကို ထောင်ပြနေတယ်။
     ပထမတော့ ကျွန်မ မောင့်ကို ကိုလင်းနေအကြောင်း တခွန်းတပါဒမျှ မပြောချင်ခဲ့ပါဘူး။ ဒါပေမဲ့ အမေက ကျွန်မ တတ်နိုင်သလောက် အကောင်းဆုံးကိုသာ ရွေးချယ်ရမယ်လို့ တိုက်တွန်းတယ်လေ။ အဲဒါအပြင် ကိုလင်းနေဟာ မော်ဒယ်အမြင့်ကား အကောင်းစား ကြီးနဲ့ လာမယ်ဆိုတာလည်း ကျွန်မ သိနေတယ်။ ကျွန်မက ဒါတွေကို မောင် သိစေချင်တယ်။
     မောင် ပုစွန်ကိုင်ပြီးတဲ့အခါမှာ လက်ဆေးကြောပြီး ကျွန်မအတွက် ကော်ဖီဖျော်ပေးတယ်။ မောင်ဟာ ကျွန်မအပေါ်မှာ ဘယ်လိုခံစားရသလဲ ဆိုတာ သိချင်လိုက်တာ။
     'ကျွန်မတို့ ဘာလုပ်ရင်ကောင်းမလဲ'
     'ဘာအတွက်လဲ'
     'ကျွန်မတို့အတွက်လေ'ဘာဆက်လုပ်ကြမလဲ'
     'ဒီနေ့ ရုံမှာ ကားသစ်လဲတယ် အမေရိကန်ကားတဲ့'
      ....
မောင်အတွက် အရာရာဟာ အရမ်းလွယ်တယ်။ မောင်ဟာ ဘာကိုမှ မမြင်ဘူး။ မောင့်မှာ ဘာအခက်အခဲမှ မရှိဘူး။ မောင်ဟာ တခြားယောင်္ကျားလေးတွေနဲ့ မတူဘူး။ မောင်ဟာ ကျွန်မ စိတ်မဝင်စားတဲ့ အရာတစ်ခုကိုတောင် မောင့်ဘက်ပါလာအောင် ဆွဲဆောင်နိုင်တယ်။ မောင်က အမြဲတမ်း မောင့်စိတ်ထဲမှာ ရှိတဲ့အတိုင်းသာ ပြောတတ်တယ်။ ဒါပေမဲ့ ဒီတခါမှာတော့ မောင် စိတ်ထဲက အတိုင်း ကျွန်မကို မပြောမှာကို စိုးရိမ်နေမိတယ်။
     'တင့်က အခု ဘာကိုသိချင်နေတာလဲ'
      မောင်က ကျွန်မ လက်ကိုထိရင်း မေးတယ်။ တကယ့်ကို ညင်ညင်သာသာ ဖွဖွလေး ထိရုံသာထိတယ်။ မောင့်ရဲ့ လက်သည်းလေးတွေဟာ ကမာကောင်လေးတွေရဲ့ အခွံလိုပဲ။ ပန်းရောင်ဖျော့ဖျော့လေးသမ်းပြီး တကယ့်ကို သေးသေးလေးတွေ။ မောင်ရဲ့လက်ချောင်းလေးတွေနဲ့ ကျွန်မကို ထိတဲ့အခါ ကျွန်မ ပျော်ရွှင်မိတယ်။ မောင်နဲ့အတူ ပင်လယ်ကြီးကိုကြည့်ရင်း ကော်ဖီ အတူသောက်ရင်း တစ်သက်လုံး ဒီလိုသာ နေသွားချင်တော့တယ်။
     'တင့်တို့ ဘာလုပ်ရမလဲ ဆိုတာ ဆုံးဖြတ်ရတော့မယ်။ ရုပ်ရှင်ကြည့် မုန့်စားတာက ဒီပြဿ      နာတွေကို မဖြေရှင်းပေးနိုင်ဘူး။'
     'ဒါပေမဲ့ တင့်က ရုပ်ရှင်ကြိုက်တယ်လေ'

     ကျွန်မထံမှာ လပေါင်းများစွာကြာအောင် ဘာဆိုဘာမျှ ထူးထူးခြားခြား မဖြစ်ပျက်ခဲ့ဘူး အခုတော့ ရုတ်တရပ် ဆိုသလို အရာရာဟာ ဖြစ်ပျက်နေပြန်ပြီ။ ပထမတော့ မောင်... ပြီးတော့ ကိုလင်းနေ။ အမေ ကျွန်မကို စကားလာပြောတဲ့အခါ ကျွန်မ လုံးဝကွဲပြားခြားနားတဲ့ ကမ္ဘာသစ်တစ်ခုကို မြင်ရတယ်။ အဲဒီကမ္ဘာသစ်ဟာ မောင်လှောင်ရယ်ရုံ ရယ်ပြီး မောင်ကိုယ်တိုင် မဖန်တီး ပေးနိုင်တဲ့ ကမ္ဘာတစ်ခုပေါ့။ အမေက စျေးဝယ်ထွက်ပြီး အဝတ်အစားသစ်တွေ ဝယ်ဖို့ပြောတော့ ကျွန်မ စိတ်ကူးယဉ်ကြည့်မိတယ်။ စင်ကာပူမှာ စျေးဝယ်ထွက်မယ်။ ကျွန်မ ယုံတောင်မယုံနိုင်ဘူး။ ကျွန်မရဲ့ အိပ်မက်တွေ တကယ်ဖြစ်ပျက်ရတော့မှာ။  ကျွန်မဟာ ဒီလိုမျိုး ဘာမှ အရေးမပါလှတဲ့ ရူးကြောင်ကြောင် အတွေးတွေနဲ့ ဘာမှမသက်ဆိုင်တဲ့ သူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မမောင့်ဆီ သွားတဲ့အခါမှာ ကျွန်မ ဘာကို လိုချင်သလဲ ဆိုတာတောင် မသိတော့ပါ....
     'ဘာတွေ ဒီလောက်တောင် အလောတကြီး ပြဿ      နာ ဖြစ်နေရတာလဲ တင့်'
မောင်က ကျွန်မကို ကြည့်ပြီး သူ့ခေါင်းကို တစ်ဖက်ပြောင်းရင်း မေးတယ်။ သူက သူ့ရဲ့ စီးကရက်တိုတစ်ခုကို မီးညှိပြီး ကုလားထိုင်ပေါ်မှာ သူ့ရဲ့ ခန္ဓာကိုယ်ကို ဆန့်တန်းလိုက်တယ်။ သူရဲ့ခေါင်းကို ကုလားထိုင်ပေါ်မှီရင်း သူ့ရဲ့ပါးစပ်ဟာ ငါးတစ်ကောင်လို ဟနေတယ်။ တခါတလေ သူက သိပ်ကြောင်တောင်တောင် နိုင်တာပဲ။
     'ဒါပေမဲ့ ဒါက အာ့လောက် မလွယ်ကူဘူး ကျွန်မတို့ ဒီလိုမျိုး နေလို့မရဘူး'
     သဲသောင်ပြင်တဲက ဒီနေရာမှာ တစ်သက်လုံးရှိနေမှာ မဟုတ်ဖူး။ အခုဆိုရင် သစ်သားက ပင်လယ်လေတိုက်လို့ ယိုင်နဲ့လာပြီ။ အမိုးကလည်း သိပ်မကြာခင်မှာ ပြိုကျတော့မယ်။ ကျွန်မ တံခါးပေါက်ဘက် ကို ကြည့်ရင်း ပင်လယ်ရဲ့ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ အစိမ်းရောင်သဲတွေ နဲ့ ရေတွေကို ကြည့်နေခဲ့တယ်။
     'ရှင့်ရဲ့ ကျန်ရှိနေတဲ့ သက်တမ်းတစ်လျှောက်လုံး ကမ်းခြေမှာ စားဖိုမှူးအနေနဲ့ပဲ နေသွားလို့ မဖြစ်ဘူးလေ ဒါမှမဟုတ် ရှင်ဖြစ်ချင်တာ ဒါအကုန်ပဲလား။ ရှင့်ဘဝမှာ ထမင်းချက် တစ်ယောက် တကယ်ပဲ ဖြစ်ချင်တာလား။'
     ကျွန်မ မောင့်ကို မနာကျင်စေချင်ပါဘူး။ ဒီအတိုင်း သူ့ကို တစ်ခုခု ပြောချင်ခဲ့တာ။ ဒါပေမဲ့ မောင်က ကျွန်မကို စိုက်ကြည့်နေခဲ့တယ်။ ကျွန်မကို ကျော်ပြီး ပင်လယ်ပြင်ကို ကြည့်နေတယ်။ မောင်က ပင်လယ်ပြင်ထဲမှာ စီးမျှောနေခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကများ မောင်နဲ့အတူ စီးမျှော နေပါလိမ့်။ သေချာတာက အဲဒါ ကျွန်မတော့ မဟုတ်ဘူး။

     ရေကူးသမားတစ်စုရောက်လာခဲ့တယ်။ အစားအစာတွေနဲ့ ဘီယာတွေ မှာယူနေတယ်။
     'ကျွန်မသွားတော့မယ်။ ရှင့်မှာ အလုပ်တွေ ရှိသေးတယ်။ ညနေမတိုင်ခင် ကျွန်မကို ဖုန်းခေါ်ပါ။ အရေးကြီးတယ်။ ဖုန်းခေါ်နော်။'
     မောင်က ချိုသာစွာပြုံးပြီး ခေါင်းငြိမ့်ပြတယ်။ ပြီးတော့ သူ့မျက်လုံးတွေ ပိတ်လိုက်ပြီး စီးကရက်ရဲ့ နောက်ဆုံးအဖွာကို ရှိုက်သွင်းလိုက်တယ်။
   
(၄)
အိမ်ရောက်တော့ တစ်အိမ်လုံး အလုပ်တွေ များနေခဲ့တယ်။ ကျွန်မ အခန်းထဲ ဝင်ခဲ့ပြီး တစ်ယောက်တည်း နေခဲ့တယ်။ ကျွန်မ အထီးကျန်ခဲ့တယ်။ ဘယ်သူကမှ ကျွန်မကို မလွမ်းနေခဲ့ဘူး။ ငါးနာရီမထိုးခင် အခန်းပြင်ထွက်ကြည့်တော့ နေရာတစ်ခုလုံးဟာ ဖုန်တွေပြောင်ပြီး သန့်ရှင်းသပ်ရပ်နေခဲ့တယ်။ အန်တီမြက တယ်လီဖုန်းဘေးမှာထားဖို့ အဲဒီစိတ်ပျက်စရာကောင်းတဲ့ အစိမ်းရောင်ပန်းအိုးကို ယူလာခဲ့တယ်။ အိမ်တစ်အိမ်လုံးဟာ အနံ့အမျိုးမျိုး ဖြစ်နေခဲ့တယ်။ အမေက အသားညှပ်ပေါင်မုန့်တွေ ကိတ်မုန့်တွေ လုပ်ပြီး သူ့ရဲ့ချစ်စရာကောင်းတဲ့  ငွေရောင် ပန်းကန်လုံးထဲသို့ ထည့်နေတယ်။ ကျွန်မ တခါမှ ဒီလို မြင်ကွင်းမျိုးကို မမြင်ဖူးခဲ့ဘူး။
     အမေက အရမ်းစိတ်လှုပ်ရှားပြီး စိုးရိမ်နေခဲ့တယ်။ ဟိုဘက်ပြေးလိုက် ဒီဘက်ပြေးလိုက်နဲ့ အရာရာကို စီမံနေခဲ့တယ်။ ဒီလို ပထမဆုံး တွေ့ဆုံမှု တစ်ခု ဒီည ဖြစ်ပျက်တော့မယ် ဆိုတာ မတော်တဆမှု တစ်ခု မဟုတ်ဘူး။ ကြယ်တွေဟာ ဒီနေ့လည်းပဲ ဒီနေရာမှာ လင်းလက်နေတယ်။ ပြီးတော့ အမေက ကျွန်မတို့ အောင်အောင်မြင်မြင် ချမ်းသာစွာ နေနိုင်မည့် ဒီအခွင့်အရေးကို နည်းနည်းလေးမှ အမှားခံမှာ မဟုတ်ဘူး။ ဒီအရာတွေ အကုန်လုံးကို ရပ်တန့်လိုက်ပြီး အမေ့ကို မေးချင်မိတယ်။ 'အမေရယ် ဒီကိစ္စတွေ အားလုံးအတွက် သမီးမှာ ရွေးချယ်စရာ တစ်ခုခု မရှိတော့ဘူးလား။' ဒါပေမဲ့ ကျွန်မ မရွေးချယ်ချင်ပါဘူး။ ကျွန်မကိုယ်တိုင်က ရွေးချယ်ရတာကို မုန်းတယ်။
     အရာရာဟာ ရူးချင်စရာကောင်းလိုက်တာ။ သြစတေးလျမှာ ဘာတွေ ရှိသလဲ။ လူတိုင်းက အဲ့ဒီကို သွားချင်ကြတယ်။ အထူးသဖြင့် ကမ်းခြေမှာ ပြဿ      နာ တစ်စုံတစ်ခုရှိတဲ့အခါပေါ့။ ဒါပေမဲ့ ကျွန်မကရောဘာအတွက် သွားချင်တာလဲ။ ကျွန်မ ကမ်းခြေကို သဘောကျတယ်။ ကျွန်မတို့လမ်း, ခရမ်းရောင်နွယ်ပင်ပန်းတွေ နံရံကို တွယ်တက်နေတာ, ပင်လယ်ဘက်ကိုသွားတဲ့သဲထူတဲ့ လမ်းလေးတွေကို နှစ်သက်တယ်။ အဝါရောင် သုံးဘီးနဲ့ ခရီးသွားရတာကို ကြိုက်တယ်။ Sydney Opera House ကို မြင်နိုင်တဲ့ အိမ်အကြီးကြီးမှာ နေရတာကလွဲလို့ သြစတေးလျမှာ ဘာများထူးခြားလို့လဲ။
     မောင်တစ်ခုခုကို စဉ်းစားနေလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ဒါပေမဲ့  အမေသာ မောင့်ကို သိသွားခဲ့ရင် အမေသေသွားနိုင်တယ်။ အမေရူးသွားလိမ့်မယ်။ ကမ်းခြေက ထမင်းချက်တစ်ယောက်တဲ့။ အမေစိတ်ထဲမှာပြောနေမှာက 'မောင်လင်းနေရေ မြန်မြန်လာပါတော့။ သမီးနဲ့တွေ့ပါ။ အဒေါ့်သမီးကို ခေါ်သွားပါတော့။ သူမရဲ့ဘဝကို မင်းရဲ့အရေးပါတဲ့ အရာတွေနဲ့ အထူးသဖြင့် မင်းရဲ့ပြည့်ဖောင်းနေတဲ့ အကောင်းစားပိုက်ဆံအိတ်ကြီးနဲ့ ပြောင်းလဲပစ်ပါ။ အိမ်အကောင်းစားကြီး ကားအကြီးကြီး အဝတ်အစားဒီဇိုင်းအဆန်းတွေ ပါတီပွဲကပြန်လာတိုင်း လွှတ်ပစ်နိုင်လောက်တဲ့ ဖိနပ်တွေ အဒေါ့်သမီးကို ဆင်ပါ။ သူမကို စျေးကြီးတဲ့အရာတွေ ပေးပါ။ ပြီးတော့ မင်းက တစ်ဘဝလုံးစာ သူမကို တန်ဖိုးထားပါ။ ဒါဆိုရင်အရာရာဟာ အဆင်ပြေသွားပါလိမ့်မယ်။ သူက မင်းရဲ့ စီးပွားရေး မင်းရဲ့ ပတ်ဝန်းကျင် မှာလည်း အသုံးဝင်တဲ့ မိန်းမကောင်းတစ်ယောက် ဖြစ်ပါတယ်။ မင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါ။ ဒါကြောင့် သူမကို ဒီနေရာနဲ့ဝေးတဲ့ သြစတေးလျကိုသာ ခေါ်သွားပါတော့။ သူရဲ့ အမေကိုလည်း မမေ့နဲ့ပေါ့....'
     ကျွန်မ မောင်ရဲ့ ဖုန်းအခေါ်ကို စောင့်ပြီးရင်း စောင့်ခဲ့တယ်။ ကျွန်မ မောင့်ကို ဘာပြောချင်သလဲ ဆိုတာ မသိခဲ့ပါဘူး။ မောင်တစ်ခုခုကို အဖြေရှာတွေ့လိမ့်မယ်လို့သာ မျှော်လင့်ရတာပါ။ မောင့်ရဲ့ စကားလုံးအနည်းငယ်ကသာ ဒီပြဿ      နာတွေကို ဖြေရှင်းနိုင်မှန်းသိခဲ့ရင် မောင် ကျွန်မကို လွယ်လွယ်အဆုံးရှုံးမခံပါဘူး
   
(၅)
     တစ်နာရီလောက်အကြာမှာ တယ်လီဖုန်းမြည်ခဲ့တယ်။ ကျွန်မက စက္ကန့်ပိုင်းလောက် ဖုန်းမြည်စေခဲ့တယ်။ အမေက ရေချိုးခန်းထဲမှာရှိနေခဲ့တယ်လေ။ ဒီအိမ်ထဲမှာ ဒီဖုန်းကို ဘယ်သူမှ ကိုင်မှာမဟုတ်။ နောက်တော့ ကျွန်မဖုန်းကို ကောက်ကိုင်ခဲ့တယ်။ ဒါပေမဲ့ စကားမပြောနိုင်လောက်အောင် တုန်ရီနေခဲ့တယ်။
     'ဒီနေ့ည ညစာစားဖို့ ဘယ်အချိန်လောက်ထွက်လာနိုင်မလဲ'
     'ကိုယ် အထူးရှယ်ဟင်းလျာ ပြင်ဆင်ထားတယ်။ အရမ်းဆန်းတယ်။ ဟို ပုစွန်ထုပ်ကြီးတွေနဲ့'
     ကျွန်မ တယ်လီဖုန်းထဲကနေ ပင်လယ်သံကို ကြားနေရတယ်။ ကျွန်မ မောင့်ကို မြင်နေရတယ်။ သူ့ရဲ့မျက်နှာပေါ်မှာ တကယ့်ကို ကြီးမားတဲ့ အပြုံးနဲ့ သူရဲ့အဖြူရောင်ရှပ်အကျီ င်္ကို လှန်ပြီး သူ့ရဲ့ ရှည်လျားသေးသွယ်သော လက်ချောင်းတွေနဲ့ အရိုးမြင်နေရတဲ့ ရင်ဘတ်ကိုပွတ်နေတဲ့ မောင့်ပုံစံကို ကျွန်မမြင်နေရတယ်။မောင်ဟာ သစ်ပင်အောက်မှာ ထွန်းထားတဲ့ မီးအိမ်နားမှာ ရှိနေလိမ့်မယ်။
     'ကျွန်မ စကားမပြောနိုင်သေးဘူး။ မီးပူတိုက်နေတယ်။'
ကျွန်မက အမေဝယ်ပေးထားတဲ့ ဝတ်စုံအသစ်ကို မီးပူတိုက်နေခဲ့တယ်။
     'ကျွန်မ ဖုန်းချလိုက်တော့မယ်'
     ဖုန်းချခဲ့တယ်။
     သူဖုန်းထပ်မဆက်ခဲ့ဘူး။ သူ့ရဲ့ ဖုန်းနံပါတ်ကို ကျွန်မ အလွတ်ရနေမယ်ဆိုတာ သူသိနေတယ်.....926979.....926979.........

[Carapace]

Comments