Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

Friends (1)

(၁)
တကယ်တမ်း ဇာတ်လမ်းတစ်ပုဒ်ကို စရေးတဲ့ အခါ ဒါမှမဟုတ် စာအုပ်တစ်အုပ်အကြောင်းပြောတဲ့အခါ တွေ့ရတဲ့ ခပ်ကြီးကြီး အခက်အခဲက ကိုယ်ပြောမယ့် ဇာတ်ကောင်တွေနဲ့ ကိုယ်ရဲ့ ဇာတ်လမ်းမှာ အခုထက်ထိ အဆုံးမရှိသေးတာပဲ။ ပြီးတော့ အစ လည်း မရှိတာပဲ။ ပြီးတော့ အခိုက်အတန့်ထဲကို ခပ်ဝေးဝေးကနေ ရောက်နေတာမျိုး။
 “ နင် အဲ့ဇာတ်လမ်းထဲက ဘယ်သူ့ကို အနီးစပ်ဆုံး အပြင်မှာတွေ့ဖူးလဲ “ မြတ်နိုးကမေးတယ်။
နာအိုကို လို့ကိုယ်ကဖြေတော့ သူက မယုံသင်္ကာ တအံ့တသြနဲ့ “ နာအိုကို လိုလူမျိုးက အပြင်မှာ အရှားဆုံးမဟုတ်ဖူးလား ။ ဝါတာနာဘီလို လူမျိုးတွေကမှ ပေါဦးမယ်။ ငါ့လိုပေါ့ ” တဲ့

ကိုယ်သေချာတော့ မသိပါဘူး။ ဒီအကြောင်းတွေကို ပြောတဲ့အချိန်တုန်းက လက်ထဲမှာ ဖတ်လက်စ စာအုပ်ကို ကိုင်ထားတယ်။ စမ်းချောင်းလမ်းထဲက လက်ဖက်ရည်ဆိုင် စားပွဲတခုမှာ မြတ်နိုးနဲ့ မျက်စောင်းထိုးထိုင်ခုံမှာ ထိုင်နေတယ်။ မြတ်နိုးနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် များသောအားဖြင့် အဲ့ပုံစံထိုင်ဖြစ်တယ်။ မျက်နှာချင်းဆိုင်ဆိုလည်း တယောက်မျက်နှာ တယောက်  မကြည့်ချင်လည်း မြင်နေရတာရယ်  ဘေးချင်းကပ်ရပ်ဆိုလည်း တယောက်နဲ့တယောက်မမြင်ရတော့တာရယ်ကြောင့် ဒီပုံစံက နှစ်ယောက်လုံးအတွက် ပိုအဆင်ပြေလို့ ထိုင်ရင်းနဲ့ အဲ့ဆိုင်ရောက်တိုင်း အဲ့လိုပဲ ထိုင်ဖြစ်သွားတာ။ နာအိုကို နဲ့ ဝါတာနာဘီ ဆိုတာကတော့ အဲ့စာအုပ်ထဲက ဇာတ်လိုက်ကောင်မလေးနဲ့ ကောင်လေးပါ။

ဒီစာအုပ်အကြောင်း ငြင်းရတာ ကိုယ်မှတ်မိသလောက်တော့ ၃ရက်လောက်ရှိပြီ။ ယွန်းပွင့်ပါတုန်းကလည်း တခါ။ အဲဒီနေ့ကတော့ တာမွေနားက ကိုယ်တို့ထိုင်နေကျ မော်ဒန် လက်ဖက်ရည်ဆိုင်မှာ အဲ့စာအုပ်အကြောင်းပြောကြတာပဲ။ ငြင်းတော့ ငြင်းနေကြတာပဲ။ ကိုယ်မှတ်မိသလောက်ကတော့ နာအိုကိုက သူ့မူလရည်းစားကို မချစ်ဖူးဆိုတဲ့အကြောင်းရယ် ဝါတာနာဘီက ဘယ်သူ့ကိုမှ မချစ်ဖူးဆိုတာရယ် မြတ်နိုးက သူနဲ့တူတူပဲဆိုပြီး ထည့်ထည့်ပြောနေတာရယ် တခြား စာအုပ်ထဲက အကြောင်းအရာတွေရယ်။

ယွန်းပွင့် ပြောဖူးသလိုပြောရရင် စိတ်ခံစားချက်တွေ များသွားရင် လူတွေက အဲ့အခိုက်အတန့်မှာ ဘာဖြစ်ခဲ့သလဲ ဘာတွေ ပြောဆိုခဲ့သလဲဆိုတာ သေချာမမှတ်မိတော့ဘူးတဲ့ ဥပမာပြောရရင် ဒေါသထွက်နေတုန်း ပြောတဲ့စကားတွေကို မမှတ်မိသလိုမျိုးပေါ့တဲ့။ အခုလည်း အဲ့ကာလတုန်းက စိတ်ခံစားချက်တွေ ပိတ်ဖုံးနေတော့ သေသေချာချာမမှတ်မိဖြစ်နေတယ်။ တိမ်အစုအဝေးတခုကနေ ပဲ့ထွက်သွားကာစ ကာလတွေလိုပဲ .. ကိုယ်နဲ့မရင်းနှီး မအပ်စပ်တဲ့ နေနေရတဲ့ နေ့ရက်နှစ်ကာလတွေပါပဲ။ ဘယ်သူတွေက ဘယ်ဘက်က ငြင်းကြလဲတော့ မမှတ်မိတော့ပါဘူး။ မှတ်မိသလောက် အဲ့စကားဝိုင်းကနေ ကိုယ်ရလိုက်တာကတော့ “ ဝါတာနာဘီမှမဟုတ်ပါဘူး အဲ့ထဲက တခြားဇာတ်ဆောင်တွေရော အပြင်ကလူတွေရောက ဘယ်သူ့ကိုမှ တကယ်မချစ်ကြပါဘူး ထင်ယောင်ထင်မှားဖြစ်ကြတာမျိုးလောက်ပါပဲ”။ ဒီအတွေးကလည်း ဒီစာအုပ်ကြောင့်တော့မဟုတ်ပါဘူး။ အရင်ထဲက ကိုယ့်မှာရှိနေပြီးသား။ ပိုခိုင်မာသွားတဲ့သဘောလောက်ပါပဲ။

(၂)

‘ ဘာလို့လဲ ဘာလို့ နာအိုကိုလဲ ‘လို့မြတ်နိုးကမေးတယ်။ သိချင်တာထက် ပြောစရာမရှိလို့ မေးလိုက်တဲ့ပုံပဲ။ မြတ်နိုးက များသောအားဖြင့် အဲ့ပုံစံပါပဲ။  ငြိမ်ငြိမ်လေးထိုင်နေရတာမျိုး ငေးနေရတာမျိုး တွေးနေတာမျိုး စကားမပြောပဲ သက်တောင့်သက်တာနေနေရတာမျိုး တို့ကလွဲလို့ တခြား ဘာမှ လုပ်ချင်တဲ့ပုံမပေါ်ဘူး။ လုပ်ရရင်လည်း ခပ်ပျင်းပျင်းနဲ့လုပ်နေပုံပေါက်တယ်။ အခုလည်း ခပ်ပျင်းပျင်းစကားထိုင်ပြောနေတဲ့ပုံပဲ။ တခုခုလုပ်ရင်လည်း သူ့ကမ္ဘာက တခြားသူတွေထက် ပိုနှေးနေတာလား သူ့အချိန်စက်ဝန်းကပဲ နှေးသွားတာလား တခုခုပဲ။ သူနဲ့လမ်းလျှောက်ရင် တစ်နေရာကိုရောက်ဖို့ သာမန်ထက် နာရီဝက်လောက်ပိုကြာတယ်။ သူနဲ့ လမ်းလျှောက်တဲ့ တခြားသူတွေတော့ မသိဘူး။ ကိုယ်က တစ်ယောက်ထဲဆို လမ်းလျှောက်တာမြန်ပေမယ့် သူပါရင် ကိုယ်ပါ လိုက်နှေးသွားရော။ သူ့စက်ဝန်းထဲမိသွားတဲ့သဘောလိုပေါ့။ ဒါပေမဲ့ သူ့ကြည့်ရတာ သိပ်လမ်းလျှောက်တဲ့ပုံလည်း မပေါ်ပါဘူး။ ထိုင်နေရင်တောင် တွေးနေတာထက် ဘာမှမတွေးနေတာက ပိုများမယ့်ပုံပါပဲ။

‘နာအိုကိုလို လူမျိုးကို ရင်းနှီးဖူးတယ် “ လို့ လက်ဖက်ရည်ဆိုင်ရှေ့က လူတွေ ကားတွေကို ငေးရင်း ဖြေလိုက်မိတယ်။ အဲဒီတုန်းကတော့ မိုးရွာတတ်တဲ့ ကျောင်းပိတ်ရက် စနေ ဒါမှမဟုတ် တနင်္ဂနွေတွေဆို စပိန်စာတက်ရင်း မြတ်နိုးနဲ့ စမ်းချောင်းလမ်းတစ်ဝိုက်မှာ လက်ဖက်ရည်ဆိုင်ထိုင်လိုက် ဘားသွားလိုက်နဲ့ပဲ အချိန်ကုန်တာပဲ။ နှစ်ရက်လုံးတော့ မသွားဖြစ်ဘူး။ စနေ သို့ တနင်္ဂနွေ တစ်ရက်လောက်အပြင်သွားပြီးရင် နောက်ရက်တွေဆို ပင်ပန်းနေတတ်လို့ အတန်းပြေးဖြစ်တာကများတယ်။   ဒီအမြဲထိုင်ဖြစ်တဲ့လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်တောင်ကောင်းကောင်းမရဘူး။ တခြားဘာအစားအသောက်မှလည်း စားလို့မကောင်းဘူး။ မြတ်နိုး ကြာဇံပြုတ် တခါမှာစားဖူးတယ် သိပ်အရသာရှိတဲ့ပုံမပေါ်ပါဘူး။ ပလာတာတို့ ကီးမားတို့လည်း စားမကောင်းဘူး။ မှာလို့မရတဲ့ အစားအစာကလည်း များတယ်။ တခါတခါလည်း ဆိုင်ပြင်နေလို့ နားငြီးတယ်။  ဒါပေမဲ့ ဒီကနေ စမ်းချောင်းလမ်းကို ဖြတ်သွားနေတဲ့ လူတွေကို ကြည့်ပြီး ထိုင်တွေးနေလို့တော့ ကောင်းတယ်။ အဲဒါကြောင့်ပဲ  စမ်းချောင်းလမ်းထဲက ဆိုင်မှန်သမျှကို ကျော်ပြီး ဒီမှာပဲ ထိုင်ဖြစ်နေတာလား ဒါမှမဟုတ် နှစ်ယောက်စလုံးက တခြားဆိုင်ရွေးရမှာ ပျင်းလို့လားတော့မသိ။ ဆိုင်မပြောနဲ့ မြတ်နိုးနဲ့တနေရာရာသွားပြီဆိုရင်လည်း ဘယ်လမ်းထဲကို ချိုးဝင်ရင်ကောင်းမလဲဆိုတာကအစ ရွေးဖို့ခက်ခဲနေတာများတယ်။ ရွေးချယ်ရတာကို ကိုယ်မုန်းသလို သူလည်း မကြိုက်ဖူးထင်တယ်။  ဆိုင်က စားပွဲထိုးလေးတွေကတော့ တာမွေလက်ဖက်ရည်ဆိုင်ကလို မဟုတ်ဖူး ဖော်ရွေပါတယ်။  ဒီလမ်းမှာက လူတွေကားတွေက ညဘက်ထိတောင်မပြတ်ဘူး။ စားသောက်ဆိုင်တွေ ဘားတွေ ပေါပြီး ပွဲစျေးလို နေ့တိုင်းညတိုင်း စည်ကားနေတာပဲ။ အခုတော့ အပြင်မှာ မိုးရွာပီးကာစ ထင်တယ် လူနည်းနည်းရှင်းနေတယ်။ လမ်းမပေါ်မှာ ရေဗွက်အချို့ရယ် လက်ဖက်ရည်ဆိုင် တံစက်မြိတ်မှာ အခုထိကျနေသေးတဲ့ မိုးစက်တွေကို တွေ့နေရတယ်။

(၃)

“ နာအိုကိုလိုလူတစ်ယောက်ကို မြင်ဖူးတယ် ထင်တာပဲ “ ထပ်ရေရွတ်မိတယ် ။ တကယ်လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ နာအိုကိုလိုလူမျိုးက မြတ်နိုးပြောသလိုပဲ ရှားပါတယ်။ ကိုယ်တွေ့ဖူးတဲ့ လူကလည်း ရှားပါတယ်။ နှစ်ယောက်လုံးက ရှားလို့ တူတယ်လို့ အလွယ်သတ်မှတ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်။ ပြန်စဉ်းစားတော့ ကိုယ်တွေ့ဖူးတဲ့ သူတစ်ယောက်က စာအုပ်ထဲက ဇာတ်ကောင်တစ်မျိုးတည်းနဲ့တော့ အတိအကျဘယ်တူနိုင်ပါ့မလဲ။ အနည်းဆုံး ၂မျိုး ၃ မျိုးလောက် ပေါင်းထားတာမျိုးပဲ ဖြစ်မှာပါ။ မြတ်နိူးဆိုလည်း ကိုယ်တွေ့ဖူးတဲ့လူနဲ့တူတာပဲ။ တိတိကျကျကြီး တပုံစံထဲတူတာတော့ ဘယ်ဟုတ်မလဲ။ ကိုယ့်အတွက်တော့ လူတွေတူတယ်လို့ ဘယ်လိုသတ်မှတ်လဲဆိုရင် သူတို့အသေးအဖွဲ့အပြုအမူလေးတွေ ဆင်တာမျိုးကို သတ်မှတ်လိုက်တာမျိုးပဲ။ ဥပမာ သူတို့ကိုယှဉ်ကြည့်လိုက်ရင် အကုန်လုံးက သူတို့ချစ်တဲ့သူဆိုပြီး သတ်သတ်မှတ်မှတ် မရှိတာမျိုးတွေပေါ့။

 “ ငါဒီစာအုပ်မပြီးသေးဘူး။ အခုထိတော့ ဝါတာနာဘီကို မကြိုက်ဘူး။ နာအိုကို ကိုလည်းမကြိုက်ဘူး။ ဒီစာအုပ်ဖတ်ပြီး စိတ်ထဲပါ နေလို့မကောင်းဘူး”
ကိုယ်တို့တွေကြားမှာ မကြိုက်ဘူးလို့ပြောရင် အခြေအနေ ၂ ခုရှိတယ်။ တကယ်မကြိုက်လို့ မကြိုက်တာရယ်၊ မကြိုက်ချင်လို့ အတင်းမကြိုက်ဘူး ငြင်းတာရယ်။ ဒီတခါတော့ ဘယ်ဟာလဲကိုယ်တိုင်တောင် မကွဲပါဘူး။ မကွဲပြားတဲ့ အခြေအနေတွေကလည်း ကိုယ့်မှာ ခပ်များများပါ။

‘ငါတော့ ဝါတာနာဘီကိုကြိုက်တယ်။ သူ့ကို အကုန်လုံးက သဘောကျနေတာ နာအိုကိုက လွဲလို့ပေါ့။ တလောကလုံးက သဘောကျနေရင်တောင် လူတွေက ကိုယ့်ကိုမကြိုက်တဲ့သူကို ကြိုက်လိုက်ရမှ” တဲ့ မြတ်နိုးက သောက်လက်စ လက်ဖက်ရည်ခွက်ကိုချလိုက်ရင်း ပြန်ပြောတယ်။

ဒီစကားမျိုးကို အရင်ကလည်း မြတ်နိုးပြောဖူးတာပဲ။ သူအဲ့လိုစကားတွေပြောတိုင်း သဘောမကျဘူး။ သဘောမကျမှန်းသိလို့့ပဲ သူက ခဏခဏ ကြုံရင်ကြုံသလိုပြောတတ်သေးတယ်။ အခုလည်း ကြုံတုန်းလေး ပြောသွားပြန်ပြီ။ ဒါပေမဲ့ တခါတလေ မြတ်နိုးက သူတွေ့ဖူးတဲ့သူတွေအကြောင်း ပုံဖော်ပြောပြရင်တော့ သဘောကျစရာကောင်းတယ်။ သူသဘောကျတဲ့သူတွေအကြောင်း ပုံဖော်ပြောပြချိန်မှာတော့ သူ့ကြည့်ရတာ နည်းနည်းတက်ကြွနေတဲ့ပုံပေါ်ပြီး အဲ့လူတွေကလည်း စိတ်ဝင်စားဖို့ကောင်းမယ့်ပုံပေါ်တယ်။

“ ကိုယ်သဘောကျတဲ့သူကမှ ပြန်မကြိုက်တာ.. တခြားတလောကလုံးက သဘောကျနေတာ ဘာလုပ်ရတော့မှာလဲ ။ နင် နားမလည်ပါဘူး” လို့ ထုံးစံအတိုင်း ကိုယ်ပြန်ပြောတော့ မြတ်နိုးက နှိမ်ချအကဲဖြတ်တဲ့ အကြည့်မျိုးနဲ့ ပျင်းရိစွာ ကြည့်တယ်။ အဲ့လိုအခြေအနေမျိုးကလည်း အပြန်အလှန်ပါပဲ။ တခါတလေလည်း ကိုယ်နားလည်နိုင်မှာ မဟုတ်ပါဘူးလို့ သူထင်တဲ့ အခြေအနေတွေ ရှိတတ်တယ်။

(၄)
အဲဒီတုန်းကလည်း ဒီလက်ဖက်ရည်ဆိုင်မှာပဲ ဖော်ဝေးးဒိုင်ယာရီဖတ်ရင်း နေ့လည်လောက်ထဲက မြတ်နိုးတင့်ရဲ့ လာနေပြီ ဆိုတာကို ထိုင်စောင့်နေခဲ့တာ။ မိုးကလည်း တဖြောက်ဖြောက်ရွာနေတယ်။ ဖော်ဝေးက မိုးရာသီဟာ လွမ်းမောဖွယ်ကောင်းလို့ သူ့အနှစ်သက်ဆုံးရာသီဥတုပါလို့ ပြောတဲ့စာပိုဒ်ကိုလည်း ဖတ်လိုက်မိတယ်။ သူလာနေမှန်းသိလို့သာစောင့်တာ။ ကိုယ်က လက်ဖက်ရည်ဆိုင်တွေမှာ တယောက်တည်းထိုင်ရတာကို မုန်းတယ်။ တခြားနေရာတွေ တယောက်တည်းသွားရတာ အဆင်ပြေပေမယ့် လက်ဖက်ရည်ဆိုင်ကို ဘေးနားမှာ စကားပြောဖော် တစုံတယောက်မပါပဲ ထိုင်နေရတာကို မကြိုက်ဘူး။  လူတွေ တယောက်ထဲအကုန်လုပ်နိုင်ကြတယ်ဆိုပေမယ့် တချို့အရာတွေကို တယောက်ထဲ လုပ်စရာမှမလိုတာ။ အဲ့နေ့ကတော့ ရာသီဥတုကြောင့်ရော ဖတ်နေရတဲ့စာအုပ်ကြောင့်ရော လူက ငြီးစီစီကြီးဖြစ်နေတာ။ သူရောက်လာတော့ မိုးတောင်တိတ်သွားပြီ။

“ ငါနားမလည်ဘူး။ ဖော်ဝေးဆိုလည်း သူ့ဘေးနားမှာ သူနဲ့စိတ်တူကိုယ်တူ မောင်ချောနွယ်တို့ အောင်ချိမ့်တို့ ရှိကြတာပဲ။ အဲဒါကို ဘာလို့ အဲ့လောက် အထီးကျန်တဲ့ပုံဖြစ်နေလဲမသိဘူး”  ထုံးစံအတိုင်း ကိုယ်က လက်ဖက်ရည်ဆိုင် အပြင်ဘက်ကို ငေးရင်း ပြောလိုက်မိတယ်။

 “ ဘေးနားမှာ လူတွေ ရှိတိုင်း လူတွေရှိတာမှ မဟုတ်ပဲ “ “ ဒါတွေကို နင်နားလည်မှာ မဟုတ်ပါဘူး” ထုံးစံအတိုင်း မြတ်နိုးက ကိုယ့်ရဲ့ဆန့်ကျင်ဘက် ခပ်ဝေးဝေးက ပြောတယ်။
အဲဒီစကားကို ပြန်ငြင်းချင်ပေမယ့် အဲဒီတုန်းက ရုတ်တရပ် ဘာစကားမှ ထွက်မလာခဲ့ဘူး။

နောက်ပိုင်း စဉ်းစားမိတာက “ ဒါပေမဲ့ တခါတလေတော့လည်း ကိုယ်တို့တွေ လိုအပ်တာ ဘေးနားမှာ အနည်းဆုံးတော့ အသက်ရှူတတ်တဲ့ သူတစ်ယောက်လောက်ပဲ မဟုတ်ဖူးလား။ “ သူ့ကို တော့မပြောဖြစ်ခဲ့ဘူး..။ ပြောပြလည်း သူက  မကြားချင်ယောင်ဆောင်နေဦးမှာပဲ။ 

ဖတ်နေတဲ့စာအုပ်ထဲက ဇာတ်ကောင်စရိုက် ဇာတ်လမ်းတွေနဲ့ ကိုယ်ပိုင်ဘဝ အခြေအနေတွေ ခပ်ဆင်ဆင်ဖြစ်လာရင် အဲ့လိုစာအုပ်မျိုးကို ဆက်မဖတ်သင့်ဘူး။ အထူးသဖြင့် စိတ်တွေ စုတ်ပြတ်နေတဲ့ အချိန်ဆို ပိုမဖတ်သင့်ဘူး။ စာအုပ်က ကိုယ့်ကို လွှမ်းမိုးသွားနိုင်ချေ များလွန်းတယ်ထင်တာပဲ။ တချိူ့စာအုပ်တွေဆို ကိုယ်က အတွေးတွေထဲ ရောက်နေသလို ခံစားရတယ်။ ကိုယ့်ကိုယ်ကို ပြန်မမြင်ရလောက်အောင် အမြင်အာရုံတွေ မှုန်ဝါးသွားတဲ့ ခံစားမှုမျိုးပေးနိုင်တဲ့ စာအုပ်တွေ ဇာတ်လမ်းတွေဆို မဖတ်သင့်ဘူး ၊ ဖတ်မိရင်တောင် အဲ့ထဲက ဇာတ်ကောင်စရိုက်ရှိတဲ့လူတွေကို ရှောင်သင့်တယ် ထင်တာပဲ။

အဲဒီနေ့တွေမှာ လက်ဖက်ရည်ဆိုင်ကနေ အိမ်ပဲတန်းပြန်ဖြစ်လား ဘားတခုခုပဲ ရောက်သွားလား ဆိုတာတော့ မမှတ်မိတော့ပါဘူး။

Comments