Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

Friends (2)

(၁)
လေပွေတိုက်ပြီး မိုးဖွဲဖွဲရွာကျနေတဲ့နေ့တွေမှာ မြကျွန်းညိုဟာ သာမန်ထက်ကို ပိုလှတတ်တယ်။ ကျောပိုးအိတ်ကိုလွယ်ရင်း လက်တဖက်က ထီးကိုင်ထားပြီး ကျန်တစ်ဖက်က ထဘီကို မ အသင့်အနေအထားနဲ့ ကိုယ်ရော ယေ့တိုင်ရော တက္ကသိုလ်စာကြည့်တိုက်ကနေ ခြောက်တိခြောက်ကပ် အဓိပတိလမ်းမပေါ်ကို ဦးတည် လျှောက်လိုက်တယ်။ ဒီနေ့က နေမပူတော့ စာကြည့်တိုက်က အလကားဝေနေတဲ့ တရုတ်သတင်းစာတွေ ယူစရာတော့ မလိုပေ။

“ ယေ့တိုင် နင်သိလား။ ကျောင်းပြီး သွားရင် ငါတို့တွေ တကယ့်ဘဝတွေထဲ ဝင်ရတော့မှာ။ လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ စာအုပ်ထဲမှာလိုပေါ့ ကျောင်းပြီးသွားတဲ့အခါ ကိုယ်တို့တွေ တယောက်ကို တယောက်အမြှောက်နဲ့ချိန်ပစ်ရမယ့်ကာလတွေ ရောက်လာတော့မှာဆိုတာလိုပေါ့။ ငါစဉ်းစားမိတယ်။ တကယ့်ဘဝက ကြောက်စရာမကောင်းဘူးလား ။ ငါတို့ရှေ့က သူတွေရော တကယ့် ဘဝထဲ မရောက်ချင်ပဲ ရောက်သွားကြတာလား။ ရောက်သွားတော့ရော မကြောက်ကြဘူးလား။ စိတ်ရှုပ်စရာရော မကောင်းဘူးလား” လို့ ကိုယ်က ဘွဲ့နှင်းသဘင်ခန်းမကြီးကို အဓိပတိလမ်းမပေါ်က လှမ်းမျှော်ကြည့်ရင်း ယေ့တိုင်ကို ပြောလိုက်တယ်။

“ မရောက်ချင်တောင် ကြောက်ရင်တောင် သူတို့တွေလည်း တကယ့်ဘဝဆိုတာ ဘယ်လိုမျိုးလဲ သိချင်ကြမှာပဲ စွန့်စားကြည့်ချင်ကြမှာပဲ။ ” တဲ့ယေ့တိုင်က တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောတယ်။ ယေ့တိုင်ကိုကြည့်လိုက်ရင် ငြိမ်းအေးမှုကို စိတ်မှာရှာဆိုသလို သူ့ပင်ကိုယ် စိတ်ကိုက တည်ငြိမ်နေတာကို တွေ့ရလိမ့်မယ်။ ယေ့တိုင်စိမ်း ဆိုတဲ့ သူ့နာမည်မှာ ယေ့နဲ့စိမ်းဆိုတဲ့ မျိုးရိုးနာမည်နဲ့ မြန်မာလို မ မောင် ခွဲထားသလိုနာမည် ကိုဖယ်လိုက်ရင် သူ့နာမည်ဆိုလို့ တိုင် ပဲကျန်တာတဲ့။ တိုင် ဆိုတာ သူတို့ဘာသာစကားအရ ပန်းကလေး လို့ အဓိပ္ပါယ်ရတယ်တဲ့။ တကယ်လည်း ယေ့တိုင်မှာ ပန်းတစ်ပွင့်မှာတွေ့ရတတ်တဲ့ တည်ငြိမ်အေးချမ်းမှုကို တွေ့ရတတ်တယ်။ ကိုယ်လည်း ဘဝမှာ တခါလောက် ဘာမဆို သူ့လို တည်ငြိမ်ကြည့်ချင်တယ်။

“ ငါတို့တွေရော တယောက်နဲ့တယောက်ပြန်တွေ့နိုင်ကြမှာလား။ ငါတော့ ပြန်တွေ့ကြည့်ချင်တယ် နောက်နှစ်တွေကြာသွားတဲ့အခါ တထောင့်ထောင့်တနေရာရာပေါ့ “
ယေ့တိုင်က ပြုံးလျက် “အေးပေါ့ ပြန်တွေ့ကြမှာပေါ့” တဲ့။

(၂)
မာလာဘက်ကနေ ကုန်းကျော်တံတားကို ကူးပြီး ဟိုဘက်ခြမ်းနားရောက်တော့ မိုးဖွဲဖွဲလေးတောင် တိတ်စ ပြုနေပါပြီ။
“ ချို ငါ ဟိုတနေ့က တခုတွေးနေတာ သိလား။ ငါ့ကို တစ်ယောက်ယောက်က တနေကုန်စကားထိုင်ပြောရမယ် လူတစ်ယောက်ကို ခေါ်သွားလို့ရတယ် ဘယ်သူကို ရွေးရမလဲ ဆိုရင် ငါ့စိတ်ထဲပေါ်လာတာတော့ နင့်ကို ခေါ်သွားရမယ် ။ နင်နဲ့ဆို တနေကုန် ထိုင်ပြောနေလည်းရတယ် ။ ပြောစရာစကားတွေ ရှိနေပြီး ပျင်းလည်း မပျင်းဘူး ။ တနေကုန်လည်း ပြောနိုင်မယ်လို့ ထင်တယ် “

ကိုယ်က ရယ်လျက် “ယေ့တိုင် ကတော့ လုပ်ပြီ။ ဒါက ချီးကျူးခံရတာလား အနှိမ်ခံလိုက်ရတာလားတောင် ငါ့အတွက် မကွဲဖြစ်နေပြီ ထက်နေဝန်းဆီကလည်း အဲ့လိုစကားမျိုးကြားဖူးသေးတယ်။ ငါ အလုပ်အကိုင်ရွေးရင် စကားထိုင်ပြောရတဲ့အလုပ်တွေ ဘာတွေရွေးရမယ် “

“ အေး ဟုတ်တယ် နင်နဲ့ အဲဒါမျိုးတွေ လိုက်တယ် လို့ ယေ့တိုင်က ပြန်ပြောတယ်။"

ယေ့တိုင်က နှစ်လုံးထဲရှိတဲ့ကိုယ့်နာမည်ကို များသောအားဖြင့် တစ်လုံးထဲ ဖြတ်ခေါ်တတ်တယ်။ ကိုယ်က နာမည်မှာ ချို ဆိုတဲ့စကားလုံးကို သဘောမကျပေမယ့် ယေ့တိုင်ဆီက ကြားရရင်တော့ နားထောင်ရတာ အဆင်ပြေနေသလိုပါပဲ။ သူ့ပင်ကိုယ်စကားပြောတဲ့ ဖြေးဖြေးအေးအေး လေသံကြောင့် လည်းပါတယ်။ ယေ့တိုင်အသံက သီချင်းဆိုလည်း နားထောင်လို့ ကောင်းတယ်။ ဘုရားကျောင်းတက်ရင်း ဆိုနေကြမို့လို့လား သူ့ပင်ကိုယ်အသံကြောင့်ပဲလားတော့မသိ။

စာကြည့်တိုက်သွားတဲ့ရက်တွေ ဒါမှမဟုတ် စာအုပ်ဆိုင်သွားတဲ့ရက်တွေဆို ယေ့တိုင် နဲ့ လှည်းတန်းဘက် လမ်းလျှောက်ရင်း ဦးထွန်းလင်းခြံလမ်းထဲ ဟိုကြည့်ဒီကြည့် လုပ်ရင်း ကော်ဖီဆိုင်ထိုင် မုန့်စားရင်း စကားပြောဖြစ်တယ်။ ပြောရင်လည်း ရောက်တက်ရာရာနဲ့ သူ့အတွေးကိုယ့်အမြင်တွေ ပြောတာမျိုးပါပဲ။ ဒီနေ့လည်း သူထီးဝယ်စရာရှိတာရယ် ကိုယ်လည်း စာအုပ်ဘာညာကြည့်ရင်း စာကြည့်တိုက်ကနေ လှည်းတန်းဘက်သွားဖြစ်တယ်။

“ ဟဲ့ ငါလည်း အမြဲ ဘာမှမခံစားရတာမျိုးတော့မဟုတ်ပါဘူး။ ငါလည်း တစုံတယောက်ကြောင့် နာကျင်တာမျိုး ပြုတ်ကျဖူးတာဖူးတာမျိုး ရှိတာပဲ။ များသောအားဖြင့် ခဏလောက်စိတ်ထဲမှာ ခံစားလိုက်ပြီး မေ့ဖျောက်လိုက်ရတာမျိုးပဲ” လို့ ယေ့တိုင်က လှည်းတန်းဘက်ကို လမ်းကူးရင်း စကားအဆက်အစပ်မရှိပဲ လှမ်းပြောလိုက်တယ်။ သူဘာရည်ရွယ်ချက်နဲ့ပြောလည်းတော့မသိပါဘူး။ အခုတလော ကိုယ့်ကြည့်ရတာ ငူငူငိုင်ငိုင်နဲ့ ဖီးလ်နေတတ်လို့ပြောတာပဲလား ဖေ့ဘွတ်ပေါ်က ကဗျာလိုလိုစာလိုလို ကိုယ်တင်တတ်တဲ့ ဟာတွေ သူဝင်ကြည့်ပြီး စိုးရိမ်လို့ပြောတာပဲလား တခြားအကြောင်းကြောင့်ပဲလားတော့ မသိပါဘူး။

“ အင်း ။ ဒါပေါ့ လူပဲ ခံစားချက်တော့ ရှိမှာပေါ့။ မခံစားတတ်ရင်လည်း လူဟုတ်ပါတော့မလား” လို့ ကိုယ်က သူ တခါကပြောဖူးတဲ့စကားကို မူပိုင်ခွင့်မပေးပဲ ပြန်ပြောလိုက်တယ်။

အမှန်တော့ ဒီစကားမျိုးကို ယေ့တိုင်ဆီက ကြားရတော့ နည်းနည်းတော့ အံ့သြမိတယ်။ သူက ရည်မှန်းချက်အတော်အတန်ကြီးပြီး စိတ်ဓာတ်ခိုင်မာတတ်တဲ့သူမျိုး။ ဖြစ်ချင်တာ လုပ်ချင်တာကို ပြတ်ပြတ်သားသား သိပြီး ဖြစ်အောင်လုပ်နိုင်တဲ့ သူမျိုး။ အရာရာကို ရှင်းရှင်းလင်းလင်းလည်းမြင်တတ်တဲ့သူဆိုတော့ တော်ရုံ စိတ်ရှုပ်ထွေးတာမျိုး တယောက်ယောက်အပေါ် ခံစားချက်မရှင်းမလင်းဖြစ်တာမျိုး မရှိလောက်ဘူးလို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ သိပ်တော့လည်း မအံ့သြမိပါဘူး။ တခုပဲတွေးမိတာက ပြုတ်ကျတာချင်း ခံစားရတာချင်းတူရင်တောင် လူတွေအချင်းချင်းမှာ ခံနိုင်ရည်အားချင်း ကောင်းချီးပေးခံရခြင်းတွေ ကွာမှာပေါ့လေ။ ဘုရားသခင်မှာ သူအကြိုက်ဆုံးသူတွေရှိရင် ယေ့တိုင်ဟာ ကိုယ့်အမြင်မှာတော့ ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့ သူလို လူမျိုးပဲ။

(၃)
တက္ကသိုလ်တက်နေစဉ် ကာလ တစ်လျှောက်မှာ သူနဲ့ကိုယ် ဆုံတဲ့ရက်က လက်ချိုးရေလို့ရလောက်တယ် နှစ်ယောက်လုံးက ကျောင်းမှန်တဲ့သူတွေ မဟုတ်တာလည်းပါတယ်။ အမှန်တော့ ကိုယ်တို့ တစ်ဖွဲ့လုံး ကျောင်းမမှန်တာ။ အဲ့တော့ အုပ်စုလိုက် ဆုံတဲ့ နေ့ဆိုတာ တတိယနှစ်တို့ နောက်ဆုံးနှစ်တို့မှာဆိုရင် မရှိသလောက်ကို ရှားတယ်။ သူနဲ့ကိုယ်ဆုံရင် အတန်းထဲမှာထက် စာကြည့်တိုက်မှာ တွေ့ရတာများတယ်။ ပထမနှစ် ဒုတိယနှစ်တွေတုန်းက စာမေးပွဲရက်ဆို ကိုယ်ကလည်း စာကြည့်တိုက်မှာ စာကျက်တတ်တယ်။ သူကလည်း အဲ့လိုပဲဆိုတော့ စာတူတူလုပ်ဖြစ်တာတွေတောင်ရှိတယ်။ စာမေးပွဲမရှိတဲ့အချိန် ဆုံရင်တော့ အကြောင်းအရာတခုခုအကြောင်း ဆွေးနွေးစကားပြောဖြစ်ကြတယ် ။ ယေ့တိုင်နဲ့ စကားပြောတဲ့အခါ ဆွေးနွေးတယ်ဆိုတာထက် ရာသီဥတုသာယာတဲ့ နေ့တနေ့မှာ ဆိတ်ငြိမ်တဲ့ မြင်ကွင်း တခုကို ငေးမောနေရသလိုပဲ။

တခါကတော့ သူ့ကို ကိုယ်မေးဖူးတယ်
“နင်အခုထိ တယောက်တည်းဖြစ်နေသေးတာ Commitment ကို ကြောက်လို့လား တိုင်”

အဲ့တုန်းက ယေ့တိုင်က ပြန်ပြောပါတယ်။ “ ငါက commitment အပေးချင်ဆုံးသူ။ အခုထိ single ဖြစ်နေသေးတာကလည်း commitment မပေးချင်လို့မဟုတ်ဖူး။ ငါ့အတွက်က တစုံတဦးအတွက် သိမ်းထားတဲ့ မေတ္တာကို လူမှားပေးမိမှာစိုးတယ်။ ငါပေးလိုက်မိတဲ့သူက မှားသွားမှာစိုးလို့ အခုထိ single လုပ်နေတာပဲရှိတာ။ ပြီးတော့ ငါ့မှာက လက်တွဲဖော်ရွေးချယ်တာနဲ့ပတ်သက်ပြီး သတ်သတ်မှတ်မှတ် စံထားထားမျိုးတွေလည်းရှိတယ်။ နောက်တစ်ချက်ကတော့ ကိုယ် တကယ်ချစ်တဲ့သူကိုပဲ commitment အပြည့်အဝပေးချင်တာမျိုးပေါ့့ ” တဲ့။

(၄)
လှည်းတန်းဟာ ညနေဘက်ဆိုတော့ ထုံးစံအတိုင်း လူုတွေ ကားတွေ လက်ကမ်းကြော်ငြာစာရွက်ဝေတဲ့သူတွေ တွန်းလှည်းတွေနဲ့ စျေးရောင်းတဲ့သူတွေရယ် ရှုပ်မြဲရှုပ်နေဆဲပါပဲ။
လှည်းတန်းဘက်က အိတ်ဆိုင်တန်းတွေ ဘက်ရောက်တော့ ကိုယ်တို့၂ယောက်လုံး လိုချင်တာတွေ ကြည့်ရင်း ဗျာများနေတယ်။ ယေ့တိုင်က စပြောတယ်။

“ ဟဲ့ ဒီအိတ်လေးလိုချင်တယ် ဒီဟာကောပဲ ငါထီးဝယ်ရဦးမယ်။ ပိုက်ဆံတွေ ကုန်တော့မှာပဲ “
“ ငါလည်း လိုချင်တယ် ငါ ဒါဝယ်လိုက်ရမလား”
“အေး ဝယ်လိုက် တန်တာပဲ လှလည်း လှတယ် ။”
ဆိုင်ရှင်အဒေါ်ကြီးကလည်း “ သမီးတို့ ယူလိုက်။ အဲဒါ တအိတ်ထဲကျန်လို့ အန်တီစျေးလျှော့ပေးလိုက်မယ် လှလည်း လှတယ် လွယ်လို့လည်း ကောင်းတယ် ”

ယေ့တိုင် နဲ့ ဆိုင်ရှင်အန်တီတို့ အားပေးမှုနဲ့ အိတ်ပေါ်မှာ အင်္ဂလိပ်စာတန်းအချို့ရေးထားတဲ့ အပြာရောင် ဘေးလွယ်အိတ်လေးကို ဝယ်ဖြစ်ခဲ့တယ်။ ယေ့တိုင်ကတော့ နောက်တစ်ဆိုင်သွားထပ်ကြည့်ချင်သေးတယ်ပြောကာ အဲ့ဆိုင်မှာ ဘာမှမဝယ်ဖြစ်ခဲ့ဘူး။

ဆိုင်ပြင်ရောက်တော့ ယေ့တိုင်က ပြောတယ် “ ပစ္စည်းဝယ်တာနဲ့ပတ်သက်လို့ နင် ၂ခုစဉ်းစား သေမလို လိုချင်လား၊ သေမလောက် လိုအပ်လား အဲ့ ၂ခု ထဲက တခုခုဆို နင်ဝယ်လိုက် “

“ အေး ငါ အဲ့လိုတော့ မစဉ်းစားဖူးဘူး အခုကစပြီး စဉ်းစားရမယ်။ ဒါပေမဲ့ နင်က ပစ္စည်း ဝယ်ဖို့ အတွက်ပဲ တွေးခိုင်းတာလား။ အခု ငါ လူတွေနဲ့ပတ်သက်လို့ပါ တွေးမိသွားတယ်။ လူတွေဆိုရင်ရော။ သေမလိုလိုချင်ပြီး သေမလောက်လိုအပ်ခဲ့တဲ့ နှစ်ချက်လုံးနဲ့ကိုက်တဲ့ လူတစ်ယောက်ကို ခုနက ဆိုင်ထဲက လိုချင်နေတဲ့ ပစ္စည်းတခုလို မျက်နှာလွှဲနိုင်မှာလား။ နက်နက်နဲနဲမစဉ်းစားလည်း ငါတော့အဖြေထွက်တယ်။ လွှဲနိုင်မယ်ထင်တာပဲ။ အဲ့ပစ္စည်းမရှိလည်း သေသွားမှာမှ မဟုတ်တာပဲလေ ဟုတ်တယ်မှတ်လား “

ယေ့တိုင်က ရယ်ရုံံသာရယ်နေတယ်။ သူပြောသလို သေမလိုတွေ သေမလောက်တွေဟာ တကယ့်တကယ်တမ်းတော့ သေသွားနိုင်တာမှ မဟုတ်ပဲ။ ဟုတ်တော့ရော ဘာဖြစ်လဲပေါ့။

အဲ့နေ့ကပဲ notebook လေးတစ်အုပ် ထပ်ဝယ်ဖြစ်တယ်။ သေမလို လိုချင်လား ဆိုတဲ့ တစ်ချက်နဲ့ ကိုက်ခဲ့လို့ ထင်ပါရဲ့။

အိမ်ပြန်ရောက်တော့ ထုံးစံအတိုင်း ကဗျာတစ်ပုဒ်ရေးဖြစ်တယ် ။ ကဗျာထဲမှာတော့ ဘုရားသခင်ကောင်းချီးပေးခံထားရတဲ့ သူတစ်ယောက်အကြောင်းနဲ့ သေမလိုတွေဖြစ်ပြီး မသေနိုင်တဲ့ သူတွေအကြောင်းပေါ့။

Comments