Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

တစ်ထောင့်တည ပုံပြင်များ

 


(၁)

ပုံပြင်ဆုံးတော့ ထုံးစံအတိုင်း အချစ်က အိပ်ပျော်နေနှင့်ပြီ။ ဆက်ပြောမယ့်အပိုင်းကို သူ သိချင်မှ သိတော့မယ်။ ဒိတ်လွန်နေတဲ့ တနင်္ဂနွေပုံပြင်တွေမှာ အမူးသမား အရူးအနှမ်း နဲ့ ကလေးတစ်ယောက်တော့ ပါတတ်ကြောင်း။ သံသယတွေလည်း ပါရင်ပါမယ်။ တခါတရံ အသံတအားကျယ်တတ်တဲ့ ဒေဝေါကို သူ့ချစ်သူနဲ့ တွဲတွေ့ရတဲ့ခါလည်း တွေ့ရတတ်တယ်။

 

(၂)

ဒါပေမဲ့ တကယ်ပုံပြင်ဆုံးတော့ ကိုယ်ဟာ Dandelion ပဲ အချစ်ဆံဖျားကို ဖွဖွလေး နမ်းပြီးရင် တစစီလွင့်ဦးမှာပဲ အိပ်မောကျနေတဲ့ မြို့တစ်မြို့လို ကိုယ့်နှလုံးသားဟာ ဉယျာဉ်မှူးပြောပြတဲ့ ပုံပြင်တွေကိုပဲ တသက်လုံး နားထောင်သွားဉီးမှာပဲ အလိုက်မသိတဲ့ မိုးသားတွေကတော့ ပိုအုံ့မှိုင်းပြနေတုန်းပဲ အခုထိတော့ နောက်ဆုံးလို့ ပြောရမှာ နောက်ကျနေဆဲလို့ ခံစားမိတုန်းပဲ

 

(၃)

အိပ်မပျော်တဲ့ညတွေထဲက ငယ်ဘဝရဲ့ ပုံပြင်တိုင်းလိုလိုမှာတော့ မိုးတွေစွေတဲ့ညတွေမှာ အိမ်တံခါးခေါက်သံ ကြားရတတ်တယ်။ တိုက်တိုက်ဆိုင်ဆိုင် တံခါးဝမှာ ဓာတ်ပုံအဟောင်းတွေထဲက လူအဟောင်းတွေပဲ ရပ်နေတတ်ကြတယ်။ ပုံပြင်ထဲက အိမ်တံခါးဟာ မနက်မိုးလင်းရင် ဘေအိုဘတ်သစ်ပင်ကြီး တစ်ပင်ဖြစ်နေတတ်တယ်။ အဖျက်ခံရတဲ့ ငွေစက္ကူအကြွေတွေဟာလည်း အစွမ်းပြယ်ပြီး သစ်ရွက်ခြောက်တွေ ဖြစ်ကုန်ကြတယ်။ ပုံပြင်ဆုံးရင်တော့ တလျှောက်လုံး စိတ်မသန့်စွာ ကိုယ်သယ်ခဲ့တဲ့ လက်မအပြတ်တွေနဲ့ အချစ်သယ်ပိုးထားရတဲ ရိက္ခာထုပ်တွေကို အောင်ခင်မြင့်ရဲ့ ဆွန်းနက်ကဗျာတွေထဲ ပစ်ထည့်ပစ်လိုက်ချင်တာပဲ။

 

(၄)

ပုံပြင်ထဲမှာ ကိုယ်တို့ဟာ ဘာမဆို ဖြစ်သွားနိုင်တယ်။ ခုနှစ်ပြည်ထောင်မင်းတပါးလည်း ဖြစ်နိုင်တယ်။ ဖားတစ်ကောင်အဖြစ်လည်း အသွင်ပြောင်းရယူနိုင်တယ်။ ကိုယ်တို့နံရိုးကနေ ချစ်ခြင်းမေတ္တာကို မနာမကျင် အကြိမ်ကြိမ် ဖန်ဆင်းပြနိုင်တယ်။ နံရံတဖက်ကနေ တခြားတဖက်ကို ဖြတ်ကူးပြနိုင်တယ်။ မုဆိုးထောင်ချောက်မှန်သမျှကနေလည်း လက်ဖြောက်တချက် အနမ်းတပွင့်နဲ့ လွတ်မြောက်နိုင်တယ်။

ကိုယ်ကတော့ ရောက်တုန်းရောက်ခိုက် မယုံရင် ပုံပြင်မှတ်ဆိုတဲ့စကားကို ရာဇအိနြေအပြည့်နဲ့ ပြောကြည့်ခဲ့သေးတယ်။ တံခါးမှူးနဲ့ တတိုင်းပြည်လုံးကတော့ ကိုယ်တို့ရောက်နေချိန်မှာ အိပ်ငိုက်လို့။

(၅)

ကိုယ်ဟာ ထမင်းစားရင်း လှဲအိပ်မိလို့ ငွေတောင်ပြည်မှာ ခုနှစ်ဘဝလောက် မြွေဖြစ်ခဲ့ရတယ်။ ပျောက်သွားတဲ့ လက်သည်းခွံကို ရှာမရတဲ့ညမှာတော့ အဖေနဲ့အမေ အကြီးအကျယ် ရန်ဖြစ်ကြတယ်။ ငယ်ဘဝက ယုံမှတ်ထားသမျှတွေ တက်တက်စင်အောင် လွဲခဲ့တယ်။ ဒီလိုနည်းနဲ့ ကိုယ်ဟာ အချစ်ကို အဓိပ္ပာယ်ကောက်လွဲခဲ့တယ်။ တံငါသည်ဟာ အသပြာတဝက်ခွဲဝေပေးပြီး ဘဝတလျှောက်လုံး ရေငုံနှုတ်ပိတ်နေခဲ့တယ်။ သုံးနှစ်သုံးမိုး ကျင့်ကြံအားထုတ်ပြီးတဲ့အခါ ဘဝတပါးကို မယုံကြည်တဲ့ ဘိက္ခုနီတပါးလည်း ဖြစ်သွားနိုင်တာပဲ။ ဒီလိုနည်းနဲ့ ကိုယ်ကတော့ အချစ်ကို ခပ်ဝေးဝေးနေဖို့ပဲ အနီးကပ်တောင်းဆိုနေမိတယ်။

(၆)

ပုံပြင်ကို အသံမထွက်ပဲ ဆက်ပြောရရင် အဲဒီနေရာမှာပဲ အဲဒီနေ့က လူသေအလောင်းတလောင်း ရှိနေခဲ့တယ် ရှိခဲ့ဖူးတယ်။ ဘဝဟောင်းက အနာဟောင်းတခုကို တစိမ့်စိမ့်ကြည့်သလို စိုက်ကြည့်နေခဲ့တာ အနားမှာရှိတဲ့လိပ်ပြာလည်း လွင့်တယ် မင်းကိုလည်း မေ့တယ် မမှတ်မိချင်တဲ့ အခြင်းအရာတွေကို ထပ်တလဲလဲ ရှင်းပြမနေချင်တော့လို့ ပုံပြင်ထဲက ပဟေဠိတိုင်းပြည်ဟန် အယောင်ဆောင်ပစ်လိုက်တယ်။ ပြီးမှ မင်သေသေနဲ့ပဲ ဆက်ပြောလိုက်ရတယ်။ ကိုယ်တို့ ဒီဘဝမှာ ဖော်မရတော့တဲ့ လျှို့ဝှက်ကုတ်စာတွေအပြည့်ပဲ။

(၇)

တညမှာတော့ အစကို ကိုယ်ပြန်အမှတ်ရတယ်။ ဖန်ဆင်းရှင်တွေ ကမ္ဘာအသစ်နဲ့ ဘဝအဟောင်းတွေရဲ့အစကိုပေါ့။

အစမှာတော့ ကိုယ်ဟာ တံခါးဂျက်အချခံထားရတဲ့ ကျဉ်းကြပ်တဲ့ အဝတ်လဲခန်းထဲမှာပဲ ဘဝပေါင်းများစွာကြာ ပိတ်မိနေခဲ့တယ်။

ထုံးစံအတိုင်း ဘဝတိုင်းမှာ ညနေစောင်းကြီး ပုန်းတမ်းဖွက်တမ်း ကစားမိလို့ နတ်ဖွက်ခံထားရတဲ့ ကလေးဖြစ်ခဲ့တယ်။

ဘဝတိုင်းမှာ ကိုယ်ဟာ ကိုယ်ပြုမိတဲ့ လူသတ်မှုကို မေ့သွားမှာစိုးလို့ အခင်းဖြစ်ရာနေရာကို အကြိမ်ကြိမ် သွားကြည့်တဲ့လူသတ်သမားပဲ။

ဘဝတိုင်းမှာ အိမ်အပြန်လမ်းကို အမြဲမေ့တယ်။ အချစ်ဦးနဲ့လွဲတယ်။ ကြောင်တွေနဲ့ပဲ စကားပြောတယ်။ ပထမဆုံးအိပ်မက်ကို မက်ရင်တော့ ကိုယ့်အသက် နှစ်ဆယ့်ခွန်ပြည့်ပြန်ပြီ။

 

(၈)

အိပ်ရာဝင်ပုံပြင်တွေထဲက ဖေဖေပြောပြဖူးတဲ့ နတ်သမီးတွေတိုင်းမှာတော့ အတောင်ပံလည်း မပါသလို ကိုယ်ရောင်ကိုယ်ဝါလည်း မတောက်ပဘူး။ ဒါဖြင့် ဘာထူးခြားသလဲဆိုတော့ အရောင်လဲ့နေတဲ့ သူ့မျက်ဝန်းတွေပေါ့တဲ့။

ဒီမျက်ဝန်းတွေကို ကိုယ်တကယ်ရှာတွေတော့ အဖြစ်ချင်ဆုံးဆန္ဒက ပေါ့ဆိမ့်လက်ဖက်ရည် တစ်ခွက် ကျကျနန သောက်ချင်နေတာပဲ။ ပြီးတော့ အကြောင်းပြချက်မရှိ ပုံပြင်တွေကို ယုံပေမယ့် သုဒ္ဓကိန်းတွေကို မုန်းကြောင်း စီလာပတ်ကုံး စာတစ်မျက်နှာလောက် ရေးနေမိတာပဲ။

အဖေကတော့ တစ်ဘဝလုံးစာ ပူပန်မှုတွေကို မျက်ဝန်းတစုံမှာပဲ ရှာတွေ့တတ်ကြောင်းနဲ့ ပုံပြင်ကို အဆုံးသတ်လိုက်တယ်။


(၉)

Comments