Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

ကိုယ်သင်းရနံ့




ငါ့အသက်ဆယ့်တစ်နှစ်ပြည့်မွေးနေ့မှာ မနက်လေးနာရီကြီး မြည်လာတဲ့ အဘိုးဆီကဖုန်းကောလ်က ငါ့မြေးမလေး ဆယ့်တစ်နှစ်ပြည့် မွေးနေ့မှစ ပျော်ရွှင်ပါစေဆိုတဲ့ မွေးနေ့ဆုတောင်းမျိုး မဟုတ်ခဲ့ဘူး။ အဲဒီအစား အဖေဆုံးပြီ မမတို့ ရွာကို အမြန် လိုက် လာခဲ့တော့ဆိုတဲ့ ငါ့အဒေါ်ဆီကနေ ငါ့အမေကို လှမ်းအကြောင်းကြားတဲ့ ဖုန်းကောလ်ဖြစ်နေခဲ့တယ်။ အဲ့နှစ်နောက်ပိုင်းတော့ ငါ့မွေးနေ့လုပ်လို့ လူသေတယ်လို့ မေမေက အယူသီးပြီး ငါ့မွေးနေ့ကိတ်တွေဟာ အဘိုးနဲ့အတူ မြေမြုပ်ခဲ့ရတယ်။ 


မတွေ့ရတာကြာသွားတဲ့ လူတွေရဲ့ မျက်နှာ ပုံပန်းသဏ္ဍာန်ကို ငါ့စိတ်ထဲ ပုံဖော်ကြည့်လို့မရတော့တာ များပေမယ့် အဘိုးရဲ့ မျက်နှာကျ ပုံပန်းသဏ္ဍာန်နဲ့ အပြုံးကို အမြဲ ပုံဖော်ကြည့်လိုရခဲ့တယ်။  ပြီးတော့  အဘိုးနဖူးပေါ်က အရေးအကြောင်းတွေနဲ့ ဝမ်းနည်းဒေါသထွက်နေဟန် မျက်လုံးတွေက ဘဝတလျှောက်လုံး ပြတ်သားခက်ထန်ခဲ့တဲ့ လူဆိုးလူမိုက်ကြီးဖြစ်ခဲ့တယ်ဆိုတာကို သက်သေခံနေသလိုပဲ။ 


အဘိုး မျက်နှာက လေးထောင့်ကျကျ နှာတံပေါ်ပေါ် မျက်လုံးဝိုင်းဝိုင်းဖြစ်ပြီး ရိတ်ထားပေမယ့် ပြန်ထွက်လာတဲ့ ပါးသိုင်းမွှေး ဖွေးဖွေးတွေ အမြဲရှိနေတတ်တယ်။ ပြီးတော့ အဘိုးဆီက အဘိုးကြီးအနံ့လည်းမဟုတ် အမွှေးနံ့သာတခုခုအနံ့လည်း မဟုတ်တဲ့ မမွှေးပေမယ့် မနံတဲ့ ကိုယ်သင်းရနံ့ လိုမျိုးလည်း အမြဲရနေတတ်တယ်။ 


"အဘိုးက ငါ့မြေးတို့ မမွေးခင် မလေးတို့ ငယ်ငယ်က သူပုန်ပေါ့" အစချီပြီး အဘိုးက ငါတို့ မောင်နှမကို အိပ်ရာဝင်ပုံပြင်တွေအစား သူ့တောထဲက စွန့်စားခန်းတွေ ပြောပြတတ်တယ်။ 

မလေး ဆိုတာ အဘိုး မေမေ့ကိုခေါ်တဲ့ နာမ်စား။ အဘိုးက မေမေ့ကို မေမေ့နာမည်လည်း မခေါ်  သမီးလို့လည်းမခေါ်ပဲ မကိုအသံလေးလေး နဲ့ဆွဲပြီး မ လေး  ခေါ်တိုင်း ငါ အဲ့လေသံကို ကြားရတာ သိပ်သဘောကျတယ်။ 

မေမေနဲ့ ငါ့အဒေါ်ဖြစ်သူ မေမေ့ ညီမကတော့ အဘိုးကို ဖေဖေလို့ ခေါ်ဖို့တောင် သိပ်ခက်ခဲခဲ့တယ်။ ငါ့အဒေါ်ဆို အဘိုးဆုံးသွားတဲ့ထိ တခါမှ အဖေလို့ မခေါ်နိုင်ခဲ့ဘူး။ အဘိုးတောခိုသွားကတည်းက ငါ့အဘွားက လူမမယ်ကလေးနှစ်ယောက်ကို အမျိုးတွေဆီ အပ်ပြီး ပြေးနေရတော့ သူတို့ညီအစ်မနှစ်ယောက် စိတ်နာနေတာကိုလည်း အဘိုးက ရေငုံနှုတ်ပိတ်တခွန်းမှ မပြောပဲ အပြစ်ကိုစည်းခံနေခဲ့တယ်။


" အဘိုးက သေနတ်ကြီးတွေ ပစ်တတ်တာပေါ့ အဲ့လိုဆို " လို ငါ့အစ်ကိုကမေးရင် အဘိုးက " အေးပေါ့ ငါ့မြေးရ အဘိုးတို့က လူဆိုးတွေကို သေနတ်တွေနဲ့ တိုက်ခိုက်ပြီး ရွာသားတွေ မြိုသားတွေကိုကာကွယ်ရတာ" အစချီတဲ့ သူတို့မြေး အဘိုး စကားဝိုင်းတွေကို ငါက ဘေးနားကနေ ငြိမ်ငြိမ်လေး နားထောင်တတ်တယ်။ အစ်ကိုက အဘိုး စွန့်စားခန်းတွေဆိုသိပ်သဘောတကျနဲ့ကို စပ်စုမေးမြန်းလေ့ရှိပြီး ငါကတော့ သေနတ်တွေ လူသတ်တာတွေနဲ့ ေတာထဲက ပင်ပန်းဆင်းရဲမှုတွေကို သိပ်သဘောမကျပေမယ့်  ဇာတ်လမ်းတပုဒ်လိုတော့ စိတ်ဝင်တစားနားထောင်တတ်တယ်။  


"ဘက်ရဲမှာတုန်းကဆို စစ်သားတကောင်နဲ့ အဘိုးနဲ့ အရက်ဆိုင်မှာ တွေ့တာ သူ့ဆီက ေသနတ်လုပြီး သူ့ကို ပြန်ပစ်လိုက်ဖူးတယ် " 

"ငါတို့အဘိုးက တအားမိုက်တာပဲ သေနတ်လုပြီး သေနတ်ပိုင်ရှင်ကိုတောင် ပြန်ပစ်နိုင်တာ" လို့ အစ်ကိုက ဂုဏ်ယူဝင့်ကြွားစွာ ပြောနေခဲ့တယ်။

အစ်ကိုကတော့ အားရဝမ်းသာနဲ့ အဘိုးဇာတ်ကြောင်းတွေကို အမြဲ နားထောင်တတ်ပေမယ့် ငါကတော့  သနားတဲ့ ခံစားချက်တွေ ဖြစ်မိတယ်။ ဘဝတလျှောက်လုံး သူပုန်သမီး လူသတ်သမားသမီး ဘဝနဲ့ တကွဲတပြားဖြစ်ခဲ့ရလို့ အဘိုးကိုစိတ်နာလိုက်ချင်ပေမယ့် စိတ်မနာနိုင်တဲ့ မေမေ့ကို ငါအသနားဆုံးပေါ့။ အရွယ်ကောင်းတဲ့အရွယ်မှာ သမီးနှစ်ယောက်ကို ပစ်ပြီး ဟိုပုန်းဒီပြေးဖြစ်နေခဲ့ရတဲ့ အဘွားရယ် အဘိုးဆုံးတဲ့အထိ အဖေကို အဖေ လို့ မခေါ်နိုင်ခဲ့တဲ့ ငါ့အဒေါ်ကိုလည်း ငါသနားမိတယ်။ ပြီးတော့ သမီးတွေ မြေးတွေကို တအားချစ်ပြီး အကုန်လုံး သူ့အပြစ်တွေလို ခံယူပြီး သေတဲ့ထိ  ရေငုံနှုတ်ပိတ်နေသွားတဲ့ ကျွတ်တမ်းဝင် လူဆိုးလူမိုက်ဟောင်းကြီး အဘိုးကိုလည်း ငါသနားနေခဲ့မိတယ်။ 


ဒီနေ့တော့ ငါ့မွေးနေ့မဟုတ်ပေမယ့်  တိုက်တိုက်ဆိုင်ဆိုင် အဘိုးကြီးအနံ့လည်းမဟုတ် မွှေးတာမဟုတ် နံလည်း မနံတဲ့ ကိုယ်သင်းရနံ့လေး တခုကို ငါ သတိရနေတယ်။

Comments