Search This Blog
ကျိုးပဲ့နေတဲ့ ကဗျာ အပိုင်းအစ တွေလည်း ဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် စကားလုံးအမှိုက်ပုံတခုလည်း ဖြစ်ရင်ဖြစ်နေမှာ။
Featured
- Get link
- X
- Other Apps
နာမည်
လူမှန်းသိတတ်စအရွယ်ကတည်းက အိမ်ကလူကြီး တွေ ပြန်ပြန်ပြောနေကြ ဇာတ်ကြောင်းတွေထဲမှာ ကိုယ်တွေ မောင်နှမတသိုက်ရဲ့ နာမည် ဘယ်လိုပေးဖြစ်ခဲ့ပုံအကြောင်းကတော့ အခါခါ နောက်ကြောင်းပြန် ပြောပြနေကြ။ ပြောတိုင်း နောက်ပိုင်းမွေးတဲ့ တမျိုးလုံးရော တရပ်ကွက်လုံးက ကလေးတွေကိုပါ ဒိုင်ခံ နာမည်ပေးပေးတဲ့ အဘအကြောင်း မပါမဖြစ်။
နောက်ပိုင်းမွေးကြတဲ့ အမျိုးထဲက မောင်နှမတွေမှန်သမျှ အဘပေးတဲ့နာမည်တွေချည်းပဲ။ အဘ ကင်ပွန်းတပ်နဲ့ မလွတ်ကင်းခဲ့တဲ့ နှောင်းလူမှန်သမျှဟာလည်း အဘပေးတဲ့နာမည်ကို သဘောခွေ့တဲ့သူက ခပ်ရှားရှား။ အဘပေးတဲ့နာမည်တွေက တိုတိုတုတ်တုတ် ရှင်းရှင်းလင်းလင်းကြီးတွေ အလှအပ ဆန်းဆန်းလေးတွေတော့ မပါတော့ မကြိုက်ကြ။ ကိုကြီးနာမည်ဆိုလည်း နာမည်ကြီးမင်းသားတယောက်နာမည်ကြီး အပေးခံထားရတာ။ သူဆို အတော်ကြီးကြီးထိ သူ့နာမည်သူရှက်လို့ သင်တန်းတွေမှာဆို နာမည်တမျိုးပြောင်းပြောင်းပြီး ပြောရတာ အမော။
တော်သေးတာက အဲဒီမင်းသားနာမည်မဟုတ်ရင် အမေတို့က သားဦးလေးမို့ သက်ဉီးမောင်ဆိုပြီး ပေးဖို့ အစက လုပ်ကြတာ။ အဘက အဲဒီနာမည်ပေးရင် ဆယ့်ခြောက်နှစ်နဲ့ မိန်းမရလိမ့်မယ် လို့ဟောလို့ မင်းသားနာမည်ဖြစ်သွားရောတဲ့။
အဘနဲ့ပတ်သက်လို့ ထူးခြားတဲ့ အကြောင်းအရာ သုံးမျိုးကြားဖူးတယ်။
ဦး
အဲဒီတုန်းက အဘက အသက်ခြောက်ဆယ်နားလောက်ရှိမယ်။ တရပ်ကွက်လုံးကလည်း အဘလို့ပဲသိကြတယ်။ နာမည်အရင်းမသိကြဘူး။ သိလည်း အဘပဲခေါ်နေကြတာပဲ။ အဘပုံစံက အသား ခပ်ဖြူဖြူ အရပ် ခပ်ပြတ်ပြတ် နဲ့ ဗိုက်နည်းနည်းရွှဲပြီး အမြဲလိုလို မြင်းခေါင်းစွပ်ကျယ်အဖြူကို ပလေကပ်ပုဆိုးနဲ့ တွဲဝတ်ထားတတ်တယ်။ ကလေးနာမည်ပေးကင်ပွန်းတပ်တွေ ယတြာချေတာမျိုးတွေဆို တရပ်ကွက်လုံးက အဘကို အားကိုးကြတယ်။ အဘက ခပ်ပျော်ပျော်နေတတ်တယ်။ အသိအကျွမ်းတွေနဲ့ တွေ့တဲ့ခါတိုင်း စကားများ ဟာသပြော နောက်ပြောင်လေ့ရှိပြီး ဈေးထဲမှာဖြစ်ဖြစ် အိမ်ရှေ့နားဖြတ်တဲ့အခါဖြစ်ဖြစ် အိမ်ကလူတွေနဲ့ တွေ့ရင်လည်း သူ့ထုံးစံတိုင်း ဟာသတွေပြော နောက်တာမျိုးတွေ ကိုယ်တွေ့ဖူးတယ်။ အဘက ဦး လို့ တရပ်ကွက်လုံးက သိကြတဲ့ လူတယောက်နဲ့ တူတူနေတယ်။ ဦး က အဘလောက်တော့ အသက်မကြီးသေးဘူး။ ဆယ်နှစ်လောက် အဘထက်ငယ်ပုံရတယ်။ အဘက စကားများ ဟာသပြော တရပ်ကွက်လုံးနဲ့ ခင်ပေမယ့် ဦးကတော့ စကားလည်းနည်းပြီး အေးအေးဆေးဆေးလေးပဲ။ ဦးကတော့ အဘလို ဗေဒင် ယတြာတွေ မလုပ်ဘူး။ တွန်းလှည်းလေးနဲ့အအေးရောင်းတာမျိုး လုပ်တယ်။ ညနေစောင်း ကိုယ်တွေ ဆော့နေချိန်ဆို ဦး ကို သူ့အအေးလှည်းလေးတွန်းပြီး အိမ်ပြန်လာတာမျိုး တွေ့ရတတ်တယ်။ အဘနဲ့ ဦးကို ငယ်ငယ်က အမျိုးတွေလို့ ထင်ခဲ့ပေမယ့် ကြီးလာမှ လူကြီးတွေပြောပြလို့ သူတို့က သူငယ်ချင်းတွေပဲ အမျိုးမတော်ဘူးလို့ သိရတယ်။ အဘရော ဦးရောက အမျိုးတွေမရှိကြဘူး။ သူတို့နှစ်ယောက်ထဲ သီးသန့် ဒီရပ်ကွက်ထဲကို ပြောင်းလာကြတဲ့ပုံမျိုးပဲ။ ပုံစံမတူပေမယ့် အဘမဆုံးခင်ထိ နှစ်ယောက်သား အေးအေးဆေးဆေးလေး အတူနေထိုင် သွားကြတယ်။ အဘဆုံးတော့မှ ဦးက သူ့အမျိုးတွေဆီ ပြန်သွားနေတယ်လို့ တခေါက်ကြားလိုက်ရတယ်။
အောက်လမ်း
ငယ်ငယ်က သတိထားမိတာက အဘအိမ်ပဲ။ အဘအိမ်က ရိုးရိုးပျဉ်ထောင်အိမ်ပဲ ။ ကလေးတွေ လမ်းထဲမှာ ဆော့ကြပေမယ့် အဘအိမ်ရှေ့တော့ ကလေးတိုင်း ရှောင်တယ်။ ဘာကြောင့်လဲဆိုတော့ ပထမတချက်က အဘအိမ်မှာ ခွေးတွေအများကြီးမွေးထားတယ်။ အိမ်မွေးခွေးတွေမဟုတ်ပဲ ခွေးလေခွေးလွင့်မှန်သမျှကို အဘက မွေးထားတာပဲ။ လမ်းထဲက ခွေးမှန်သမျှက အဘနဲ့ဦးရဲ့ခွေးပဲ ညနေစောင်းဆို သူတိုနှစ်ယောက်ထဲက တယောက် လမ်းဆုံမှာ ခွေးတွေ အစာကျွေးနေတာ တွေ့ရတတ်တယ်။ အိမ်မှာ ထမင်းကြမ်းကျန်တဲ့နေ့ဆို အိမ်ကတယောက်ယောက် အဘအိမ်ကို ခွေးစာကျွေးဖို့ ထမင်းကြမ်းပို့ရတတ်တယ်။ ကိုယ်သွားပို့တဲ့နေ့ကတော့ အဘက ပြုံးပြုံးရွှင်ရွှင်ပဲ ထမင်းတွေယူထားလိုက်တယ်။ အဘအိမ်ကြည့်ရတာတော့ မသိရင် တောတွေရွာတွေက အိမ်ကြီးလိုပဲ။ ခွေးတွေနဲ့ ယောကျ်ားလေးနှစ်ယောက်ထဲ နေပြီး ပရိဘောဂ ပစ္စည်းများများစားစားလည်း မရှိတော့ ရှင်းနေသလိုကြီး။
ထူးခြားတာက အဘအိမ်ရှေ့က တမာပင်ကြီးပဲ ။ အဲဒီတမာပင်ကြီးမှာ ကိုယ်တွေ ငယ်ငယ်က ခေတ်စားတဲ့ ထောင်ထားရင် မျက်လုံးပွင့်ပြီး လှဲလိုက်ရင် မျက်လုံးမှိတ်တဲ့ ကလေး ကော်ပတ်အရုပ်မလေးတွေကို ဇောက်ထိုးချည်ထားတာတွေ တွေ့ရတတ်တယ်။ အဘအိမ်ရှေ့နားက ပိတောက်ပင်ကြီးလည်းရှိတော့ ညနေစောင်းမိုးချုပ်ချိန်တို့ ညဘက်တို့ဆို ပိုမှောင်တယ်လို့ခံစားရတယ်။ မှောင်တော့ ညနေဘက် တမာပင်ကို လှမ်းကြည့်မိရင် အကြောင်းမသိတဲ့သူဆို လူလေးတွေ ဇောက်ထိုးချည်ထားတဲ့ပုံစံမျိုးကြီး။ ခွေးတွေကလည်း မွေးထားတော့ အူသံတွေလည်း အဘတို့အိမ်ဘက်ခြမ်းမှာ ပိုကြားရတတ်တယ်။
အလှူတို့ နာရေးတို့ ရှိလို့ အမျိုးတွေဆုံပြီဆို မောင်နှမကလေးတသိုက် စကားဝိုင်းမှာ သရဲတစ္ဆေ မှင်စာ ပြိတ္တာ ကြတ် အောက်လမ်း အစုံ အကြောင်းကို နည်းနည်းကြီးတဲ့ အစ်မတွေအစ်ကိုတွေက အငယ်တွေကို ပြောကြပြီ။ အဲဒီမှာ အဘအိမ်အကြောင်းကို ကလေးထဲမှာ နည်းနည်းကြီးတဲ့ အစ်မက စပြောပြတယ်။ “အဘက အောက်လမ်းလုပ်တယ် ။ အဘအိမ်ရှေ့က ကလေးအရုပ်မတွေက အောက်လမ်းနည်းနဲ့ လုပ်ထားတာ။ ခွေးတွေအများကြီးမွေးထားတာက အောက်လမ်းလုပ်တဲ့သူအချင်းချင်းခိုက်ရင် ခွေးတွေက အစားသေပေးရတာတဲ့။ ဟိုနေ့ကလေးတင် အဘအိမ်က ခွေးတကောင်သေသွားတာ သိတယ်မှတ်လား” ဆိုပြီး ပြောပြပါလေရော။ အဘအောက်လမ်းလုပ်မလုပ်မသိပေမယ့်အဲ့နေ့နောက်ပိုင်း ကိုယ်ကတော့ ထမင်းကြမ်းပို့တဲ့တာဝန်ကို အပြီငြင်းဆန်ပြီး တယောက်ထဲဆို အဘအိမ်ရှေ့နားရောက်တိုင်းပြေးတဲ့ အကျင့်တခုပါ ရလာခဲ့တာပဲ။
အဘဆုံးတော့ အဲ့ဒီတမာပင်ကြီးကိုရော တမာပင်ပေါ်က အရုပ်တွေရော မတွေ့ရတော့ဘူး။ မလိုအပ်တော့လို့ ဦးနဲ့ အိမ်နီးနားချင်းတွေက ဖယ်ရှားပစ်လိုက်တဲ့ပုံပါပဲ။ ဘာလို့မှန်းမသိ အဲ့နားရောက်တဲ့အခါတိုင်းတော့ ငေးငေးကြည့်မိတုန်းပဲ။
မေမေ့ဓာတ်ပုံတပိုင်း
ကိုကြီး လသားလေးကို မေမေချီထားတဲ့ တခြမ်းပဲ့နေတဲ့ ဓာတ်ပုံကတော့ မထင်မှတ်ပဲ အဘနဲ့ စပ်ဆက်နေခဲ့တယ်။ အားတဲ့အခါ မေမေနဲ့ ကိုယ်က ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်ပြီး ဓာတ်ပုံထဲက လူတွေအကြောင်း ကာလအကြောင်း တခါတလေလည်း ဇာတ်ကြောင်းလေးတွေ ပြန်မေး ပြန်ပြော တတ် ကြတယ်။ အဲဒီတုန်းက မေမေနဲ့အတူ ဓာတ်ပုံတွေ ပြန်ကြည့်ရင်း ငယ်ငယ်ထဲက စပ်စုပြီး စကားရှည်တဲ့ကိုယ်က အဲဒီပုံကိုတွေ့တော့ မေမေ့ကို မေးပါတယ်။ “ ဘာလို့ ဒီဓာတ်ပုံက ကတ်ကြေးနဲ့ ညှပ်ထားတဲ့ပုံ ပေါက်ပြီး မေမေနဲ့ ကိုကြီးပဲ ပါရတာလဲ ဆိုတော့ “ အဲ့ပုံက အဘဆီမှာ ယတြာချေထားတဲ့ပုံ ညှပ်ပစ်လိုက်တဲ့ အပိုင်းမှာ သမီးအဖေပါတယ်။ မေမေတို့ သုံးယောက် သမီးအဖွားအိမ်ပေါ်ကနေ ဆင်းတုန်းက သမီးအဖေတယောက်ကိုပဲ ဖွားဖွားတို့ ကြီးမေတို့က ပြန်ခေါ်ချင်လို့ ကတ်ကြေးနဲ့ညှပ်ပြီး အဘဆီမှာ ယတြာချေထားတာ” လို့ လေသံ မှန်မှန်နဲ့ ဖြေပါတယ်။ စကားရှည်တဲ့ ကလေးပီပီ ကိုယ်က ပြောလိုက်ပါသေးတယ် “ မေမေ အဘ ယတြာကြီးက မမှန်ဘူးနော် မေမေတို့ ကွဲလည်း မကွဲဘူးလေ သမီးတောင်မွေးလာသေးတယ်” ဆိုတော့ “ အမေလည်း အဲဒါမျိုးတွေ မယုံပါဘူး သမီးရယ်” လို့ ပြောတယ်။ ဒါပေမဲ့ အဲဒီဓာတ်ပုံမြင်တိုင်း မေမေ စိတ်ထဲဘယ်လိုနေမလဲ ဆိုတာရယ် အခုချိန်ထိ ဘာလို့ သက်သေတခုလို သိမ်းထားရသလဲဆိုတာရယ်ကို နည်းနည်းတော့ သိချင်မိပြီး နည်းနည်းလည်း သိနေခဲ့တယ် ထင်တာပဲ။ ကိုယ်တွေနာမည်ဘယ်လိုပေးဖြစ်လဲနဲ့ အဘအကြောင်း ပြန်ပြောကြရင် ကိုယ်ကတော့ မေမေ့ ဓာတ်ပုံတခြမ်းလေးကိုပါ မဆီမဆိုင် စိတ်ထဲ ထည့်တွေးမိတတ်တယ်။
- Get link
- X
- Other Apps
Popular Posts
Love grows where my Rosemary goes by လက်ဖက်ရည်ချို
- Get link
- X
- Other Apps
Comments
Post a Comment