Skip to main content

Featured

Love grows where my Rosemary goes by လက်ဖက်ရည်ချို

Love grows where my Rosemary goes မင်းဆီလာရာလမ်းမှာ ကိုယ်ငေးကြည့်စရာ သက်တန့်တွေ ရှိနေလို့ နှစ်ခြိုက်ခဲ့ပေမယ့် စူပါ ဟိုက်ဝေးလမ်းမကြီးတွေကို ကိုယ် ဘယ်လောက် မုန်းတီးတာ ကိုယ်ပဲသိနိုင်တယ် အချစ်ရယ် အနားမှာဘယ်သူမှ မရှိမှာကို ကိုယ် အမြဲ စိုးထိတ်မိခဲ့လို့ မဟုတ်ပဲ Love grows where my Rosemary goes ဆိုတဲ့ သီချင်းစာသားကြောင့် ကိုယ်မင်းဆီ ပြန်လာခဲ့တာပဲဖြစ်တယ် မိန်းမတွေရဲ့ ခေါင်းစည်းကြိုးကွင်းတွေ ယောကျာ်းတွေရဲ့ plectrum တွေ ကိုယ့်တူလေးရဲ့ lego အပိုင်းအစတွေ မင်းရဲ့ အချစ်ကလေး ကိုယ် ဟောဒီလောကရဲ့ ပျောက်ဆုံးဖို့သက်သက်ဖန်တီးလာရတဲ့အရာတွေ ဆိုတာ ရှိတယ် အချစ်ရဲ့  ခေါင်းစည်းကြိုးဆို အနီရောင်လေး ဖန်ခွက်ဆို အဝါရောင်လေး ပုဇွန်ဆီရောင် ကောင်းကင်ကြီး မင်း မျက်ဝန်းညိုညိုလေး ကိုယ်ကလွဲပြီး တလောကလုံးကို အရောင်တွေ ရှိစေချင်မိတာ ကိုယ့်ရဲ့လိုအင်လောဘတွေ ဖြစ်တယ် စက်ပစ္စည်းတွေနဲ့ စက်ရုပ်ညဏ်ပညာဟာလည်း ကိုယ့်လိုပဲ တစုံတယောက်ရဲ့ အာရုံစိုက်ခံရမှုကို လိုလိုလားလား တောင်းခံနေသေးတယ်။  မီးပွိုင့်ရောက်လို့ ဘယ်ချိုးချိုး ညာချိုးချိုး ကိုယ်တို့ဟာ ကိုယ့်ဘဝကိုယ် မပိုင်နိုင်တော့တာက ဘယ်နိုင်ငံရောက်ရောက် တူတူပဲ ဖြစ်တယ် ဒီနေ့မနက်ပဲ ကို...

Friends (3)




Don't Kill yourself Carlos


Carlos, Keep Calm, love 

is what you’re seeing now;

Today a kiss, tomorrow no kiss, 

day after tomorrow is Sunday 

and nobody knows what will happen Monday.

- Carlos Drummond De Andrade


(၁)  


2050


ကားလို့စ်ကဗျာတွေမှာ

ငါတို့ ငယ်ဘဝတွေရှိခဲ့တယ်

ဂူအောင်းနေတဲ့ မြို့တွေမှာ

ငါတို့ခြေရာတွေ ပြန်သွားရှာကြမယ်

ငါတို့အသက်ရှူ သံတွေ

ပြန်နားထောင်ကြမယ်

လက်ဖက်ရည်ခွက်ထဲက 

ရီဝေဝေစကားတွေနဲ့

မနူးမနပ် အငြင်းအခုန်တွေကို

သိပ်ကို အဓိပ္ပါယ်ရှိစွာ

လှောင်ရယ်ကြမယ်

အဲဒီအချိန်များထိလည်း

ငါမင်းကို တကယ်မသိသေးပါလား လို့

ထပ်တလဲလဲ ရေရွတ်ကြဦးမယ်


အဲဒီနေ့ကတော့ ၂ရက်တိတိ ခေါက်တုံ့ခေါက်ပြန် တုတ်တုတ်နဲ့ အဲဒီမြို့ကို ပတ်ခဲ့စဉ်က  ထိုင်လို့ကောင်းမယ့် ပုံပဲလို့ ထင်ခဲ့တဲ့ ကားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာထိုင်နေခဲ့တာ။ ဆိုင်က ထိုင်ကြည့်တော့လည်း ဒီလောက်မဟုတ်။ ပျင်းခြောက်ခြောက်နဲ့။ လူနည်းနည်းနဲ့ သွားခဲ့တဲ့ ဒီခရီးမှာမှ အပြန် သူ နဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ ကွက်ပြန်ရလို့လည်း ပိုပြီး ပျင်းခြောက်ခြောက်ဖြစ်နေတာလားမသိ။ မြို့သမိုင်းကြောင်းလိုပဲ အဲဒီမြို့နဲ့ မြို့ကိုဖြတ်စီးဆင်းနေတဲ့မြစ်က ဒီမြို့ကနေ ထွက်ခွာပျောက်ဆုံးသွားတဲ့ တယောက်ယောက်ကို မျှော်လင့်ချက်ကင်းမဲ့စွာ စောင့်မျှော်နေပုံပေါက်တယ်။


‘ ဘဝက အဓိပ္ပါယ်ရှိပြီလို့ နင့်ကိုယ်နင် ထင်ပြီလား ' တဲ့ ဘေးကနေ ဆိုင်းမဆင့် ဘုံမဆင့် ရုတ်တရပ် သူ့ မေးခွန်း ကြောင့် ဘာတွေးနေမှန်းမသိတဲ့ အတွေးထဲကနေ ခြောက်ကပ်ပူအိုက်နေတဲ့ မြိုရဲ့ ကားဂိတ်ရှေ့က လက်ဖက်ရည်ဆိုင်ထဲကို ပြန်ရောက်သွားခဲ့တယ်။ 

(သူ့မေးခွန်းကြီး ကြားတာ စိတ်စင်းရဲလိုက်တာ။ ပြန်တောင်မဖြေချင်ဘူး။ အွန်လိုင်းမှာလို seen ပြပြီး reply မလုပ်တာမျိုး လုပ်မရတော့လည်း အခက်သား။)


“မဖြေချင်ဘူး။ အဲ့ခေါင်းစဉ်တွေအောက်ကို ပြန်မသွားချင်ဘူး။ ငါ့အခုအခြေအနေက အဓိပ္ပါယ်ရှိမရှိတွေထက် ပိုကောင်းတဲ့ အခြေအနေတခုကို ရောက်နေတယ်ထင်တာပဲ..”

“ငါကတော့ အဓိပ္ပါယ်ရှိတယ်လို့လည်း ပြောလို့ရတယ်.. လို့ မသေချာမရေရာတဲ့အသံနဲ့ သူ့ကိုယ်သူပဲ ပြောသလိုလိုတွေ သူက ဆက်ပြောနေခဲ့တယ်။ 


အရပ်ရှည်ရှည် အသားဖြူဖြူ ပိန်ပိန်ပါးပါး နဲ့ အမြဲ သေချာ ခန္ဓာကိုယ်ကို အတည့်မရပ် ဖုန်းတလုံးကို မျက်နှာနဲ့မခွာ သုံးနေတတ်တဲ့  ကိုယ့်သူငယ်ချင်းက အသက်နှစ်ဆယ့်တစ် ဆိုတဲ့အရွယ်မှာ သူတလောကလုံးကို သိမြင်နေတဲ့ပုံစံမျိုးနဲ့ ခပ်ငေးငေး ခပ်တွေးတွေး စကားတွေ ပြောနေခဲ့တယ်။ အဖွဲ့ထဲက ခရီးအသွားများတဲ့ ကိုယ်တွေ မိန်းကလေးအုပ်စုနဲ့ ဘယ်ခရီးမဆို နှစ်ခါမခေါ်ရပဲ လိုက်တတ်တဲ့ တဦးတည်းသော ယောက်ျားလေးဖြစ်ပြီး ကိုယ်တွေကြားမှာတော့ ဂျန်ဒါရယ်လို့ ခွဲခြားမနေတော့ပဲ အကုန်လုံးက သူ့ပါ ပခုံးဖက် တတန်းထဲ ထား ပေါင်းသင်းနေတော့တာပဲ။ 


သူနဲ့ကိုယ်အပါအဝင် ကိုယ်တို့လူစုအကြား ကဗျာအကြောင်း စာအကြောင်း အချစ်အကြောင်း ခံစားချက်အကြောင်း ကာလအလိုက် ခေါင်းစဉ်တွေပြောင်းပြီး စီးမျောဆွေးနွေးခဲ့လိုက်ကြတာ တက္ကသိုလ်ကျောင်းသားအရွယ်ကနေ အခုနောက်ပိုင်းဆို ဘဝအကြောင်း အလုပ်အကြောင်း ရေးကြီးခွင်ကျယ်တွေပြောရတဲ့ အရွယ်တွေတောင် ရောက်လာပြီလို့ အချိန်ကာလတွေထဲ ခပ်မြန်မြန် ဖြတ်သန်းရောက်ရှိခဲ့ရသလို စိတ်ထဲ ခံစားလိုက်ရတယ်။ အဖွဲ့လိုက် အတူတူပြောင်းလဲရတာက ကိုယ်တယောက်ထဲကွက်ပြီး ပြောင်းလဲသွားတာ ဒါမှမဟုတ် တယောက်ပြောင်းလဲသွားတာကို ကိုယ်ထိုင်ကြည့်နေရတာ ထက် ပိုအဆင်ပြေတယ်ထင်တာပဲ။ 

သူက  ၁၂ ယောက် ရှိတဲ့ ကိုယ်တို့ သူငယ်ချင်း အုပ်စု ထဲမှာ သူက ကိုယ်နဲ့ ပနံသင့်တဲ့ တယောက်ထဲသော ယောကျာ်းလေး သူငယ်ချင်းဆိုလည်း မမှားဘူး။ ကဗျာနဲ့ ဆက်စပ်ပြီး ခိုင်မာ လာတဲ့ friendship အပြင် ကြိုက်တတ်တဲ့ ရုပ်ရှင်တွေ သီချင်းတွေ စာအုပ်တွေ ဝါသနာတွေ က သိပ်အလှမ်းမဝေးကြတာမို့ ဘဝတလျှောက်လုံး ပြောစရာစကားမကုန်မယ့် သူငယ်ချင်းထဲက တယောက် ဆိုလည်း မမှားဘူး။ 


(၂)

အယူအဆ အတွေးအခေါ်တွေ အရွယ်တွေသာ တဖြည်းဖြည်းပြောင်းလာတာ စသိကတည်းကနေ အခုထိ မပြောင်းလဲတာက သူ့အကျင့် ကိုယ့်အကျင့် ကိုယ်တို့တယောက်ချင်းစီရဲ့ အကျင့်။ 

ဒီလူစုကြားမှာ သူနဲ့ကိုယ် နည်းနည်းလေး ပိုရင်းနှီးစေတဲ့အကြောင်းကတော့ ခံစားမှု အရွေ့ချင်းတူလို့ လို့ပြောရမယ်။ ကိုယ်တို့တွေ ကဗျာရဲ့ ခံစားနက်ရှိင်းကွန့်မြူးနိုင်မှုအပေါ် စိတ်တွေ မတိမ်းညွှတ်ခင်တုန်းကတည်းက အစပျိုးလားရာဘက်ကိုသာ အကုန်ညီညီ ခြေလှမ်းခဲ့ကြတယ်။


"အချစ်ခံလိုခြင်းသည် ပထမအမှား၏ ရှေ့ကအမှားတစ်ခုသာဖြစ်ပြီး ပြန်လည်ချစ်ခြင်းသည် ပထမအမှား၏ နောက်မှ အမှားတစ်ခုသာဖြစ်သည် မဟုတ်ပါလား

ချစ်ခြင်း၏ ဆန့်ကျင်ဘက်မှာ မုန်းခြင်း မဟုတ်။ မချစ်ခြင်း သာဖြစ်သည်ကို ကျွန်တော် မည်ကဲ့သိုရှင်းရပါမည်လဲ။တဲ့ " သူက မြင့်သန်းရဲ့စာတပိုဒ်ကိုဖတ် ပြတယ်။


"ဒါဆို ပထမအမှားက ဘာလဲ" လို့ ကိုယ်ကမေးတယ်။


"ပထမအမှားက ချစ်ခြင်းရဲ့ ဝင်ထွက်သွားလာရာ လမ်းကိုဖွင့်ထားမိတာတဲ့" သူကပြန်ပြောတယ်။ 

''တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖွင့်ခဲ့တာမှ မဟုတ်တာ။ တမင်သက်သက်ကြီး ပိတ်ထားခဲ့တာလည်း မဟုတ်ဘူးလေ။ အဲဒါတောင် အမှားလို့ ပြောတာတော့ လွန်တာပေါ့။ အဲဒါကြောင့် မြင့်သန်းစာတွေ မဖတ်ချင်တာ'' လို့ အဲ့ဒီတုန်းက ကိုယ်စိတ်ထဲကနေပဲ ပြောဖြစ်ခဲ့တာလား သူ့ကို ပြန်ငြင်းမိခဲ့လား မမှတ်မိတော့။ သေချာပေါက် ပြန်ငြင်းခဲ့မိမှာတော့ အမှန်ပဲ။ ကိုယ်တို့ကြား စကားပြောတဲ့အခါ ဆယ်ခွန်းမှာ ကိုးခွန်းက ငြင်းတာမို့ ဒါလည်းပဲ ကိုယ်က အကြောမခံ သူ့ကို ပြန်ပက်ခဲ့တဲ့ စကားပဲနေမှာ။ 


“အချစ်ခံလိုခြင်း၊ ချစ်ခြင်း၊ ပထမအမှား… ” စသည် စသည် ဖြင့် ဘေးနားကနေ မြင့်သန်းလေသံတွေ ရွတ်ဖတ်နေတာမျိုး၊ "လမ်းမဲ့ခရီးမှ အပန်းကြီးစွာ ငါထမ်းလာတဲ့သောက်ရေအိုး  …" စသည့် ဖော်ဝေးရဲ့ ကဗျာကို ကြီးမြတ်သောကဗျာဆရာလို အမွှန်းတင်ပြီး ဖတ်တတ်တာမျိုး၊ ‘အစိမ်းရောင်ကောင်လေး..၊ ၁၀၀ရာခိုင်နူန်း ပြီးပြည့်စုံသော၊ နေရောင်ဖြာကျနေမှုက.. စသည်ဖြင့်’ မူရာကာမိရဲ့ metaphor တွေ ဇာတ်ကြောင်းတွေအကြောင်း ရွှန်းရွှန်းဝေအောင်ပြောနေတာမျိုးတွေကို သူ့ဆီက ကြားရတတ်တယ်။ ဒါမှမဟုတ်လည်း ကိုယ့်ကို Goblin ကြည့်ဖို၂နှစ်လောက် ဇွဲရှိရှိတိုက်တွန်းခဲ့သလိုမျိုး သူသဘောကျတဲ့ဟာ ရုပ်ရှင် သီချင်း အက တခုခုကို တဖွဲလုံးကြည့်အောင် အတင်းလိုက်စည်းရုံး မျှဝေနေတတ်တာလည်း သူရဲ့ပြင်မရတဲ့ အချိုးပေါ့။  သူ့မှာ စကားလုံးအသစ်တလုံးရရင် အကြောင်းအရာတခုသိရင် သူ့ထုံးစံအတိုင်း ပြောလို့မပြီးတော့ဘူး။ အဖွဲ့ထဲက တခြားသူတွေတော့မသိ၊ ကိုယ်တော့ တခုခုဆို ဘာပဲဖြစ်ဖြစ် သူ့ဆီက သုံးခေါက်လောက် အနည်းဆုံးကြားရတာပဲ။ 


(၃)

အသက်နည်းနည်းရလာတော့ ကိုယ်တိုလူစုကြားမှာ ဒီနေ့ ငါတော့ အိပ်မက်ဆိုးတွေမက်တယ် ကနေစလို့ ဒီနေ့တော့ ငါ သီချင်းတပုဒ်နားထောင်ဖြစ်တယ် ဆိုတာအထိ သောက်ဖို့ အကြောင်းအရာဖြစ်တယ်။ ၁၂ယောက်လောက်ရှိတဲ့ လူစုမှာ ၁ယောက်ထက်ပိုတာနဲ့ ဒီနေ့ လူစုံတယ်လို့ ယူဆကြလို့ သောက်ဖြစ်တယ်။ သောက်တာဘာညာထက် စကားပြော ရင်း  ငြင်းကြခုန်ကြဖို့ အတွက် ဆုံတတ်ကြတာလည်းများတယ်။


ကိုယ်မက်ဖူးတဲ့ အိပ်မက်ရှည်ကြီးတွေကို ထိုင်ပြောပြဖို့ နားထောင်ပေးတတ်တဲ့၊ ကိုယ့်ကိုနားလည်တယ်လို့ ယုံကြည်မိတဲ့၊ မက်ရတဲ့အိပ်မက်ချင်းမတူတောင် ကိုယ့်ဘေးမှာ အိပ်မက်မက်ဖူးတဲ့သူတွေ ရှိတာကလည်း ဘုရားသခင်ရဲ့ ကိုယ့်အပေါ်နောက်ဆုံးသက်ညှာမှုတခုဖြစ်လိမ့်မယ်လို့ အခုချိန်ထိ ကိုယ် ခံစားယုံကြည်ခဲ့ပေမယ့်... အဲဒီနေ့က အိမ်အပြန်မှာတော့ ဟုတ်ရောဟုတ်ရဲ့လားဆိုတဲ့ သံသယတွေတပွေ့တပိုက်နဲ့ ကိုယ့်အိပ်မက်တွေဆီ ပြန်ဖို့တောင် ခြေတုံချတုံဖြစ်နေခဲ့တယ်။


အဲဒီ့နေ့က သူ ကားဂိတ်က စောင့်နေမယ်လို့ ဖုန်းဆက်တဲ့အချိန်မှာ ရန်ကုန်မိုးက တစ်နေရာကို ဦးတည်ရာမဲ့ ပြေးလာနေတဲ့သူလို သည်းနေရာကနေ တဖြည်းဖြည်း ဒီထက်ပိုသည်းဖို့ အရှိန်ယူနေတဲ့ပုံမျိုးနဲ့ ခပ်ဖွဲဖွဲ ရွာနေခဲ့တယ်။ ရာသီဥတုကြောင့်ပဲလားမသိ စမ်းချောင်းလမ်းနားက ဘားကို ရောက်ဖြစ်တာပဲ။ ဒီဘားမှာ သဘောအကျရဆုံးကတော့ ကုန်သွားတိုင်းထပ်ဖြည့်ပေးတတ်တဲ့ မြေပဲနဲ့ ဘီယာအေးအေးလေးသောက်ရတာပဲ။ ပြီးတော့ Live Band တခုက အလွမ်းသီချင်းတွေနဲ့ လာဖျော်ဖြေတတ်တာပဲ။ ပြီးတော့ ဘားကအပြန် ဝင်စရာ လက်ဖက်ရည်ဆိုင်တွေ အနီးဝန်းကျင်မှာ ပေါများနေတာလည်း ပါတာပေါ့။ ကိုယ်နဲ့သူတင်မဟုတ် ကိုယ်တွေအဖွဲ့က ဘယ်မှာ ဆုံကြ ဆုံကြ နောက်ဆုံးလားရာကတော့ လက်ဖက်ရည်ဆိုင်မှာ အဆုံးသတ်ကြတာပဲ။ 


“ ငါ အခု နင့်ကို တကယ် မသိတော့သလို ခံစားလိုက်ရတယ်။ ” သောက်နေတဲ့ ရေနွေးကြမ်းခွက်ကို အသံမြည်တယ်ဆိုရုံလေး ဆောင့်ချလိုက်မိရင်း ကိုယ်တွေးလိုက်မိတာက သူ ဒီစကားကို မူးလို့ပြောတာလား အတည်ပြောတာလား။ အခုက ကိုယ်တို့ ဘားကအပြန် လက်ဖက်ရည်ဆိုင်ထိုင်တော့ ဘားက စကားတွေ လက်ဖက်ရည်ဆိုင်ထိ ပါလာတဲ့ပုံပဲ။ 

ဒီစကားက နည်းနည်းတော့ လန့်စရာကောင်းသလိုပဲ။


ဘာအကြောင်းရဲ့အဆုံးမှာ ဒီစကားပြောလိုက်တာကိုတော့ မမှတ်မိတော့ဘူး။ လက်ဖက်ရည်ဆိုင်မရောက်ခင် ခုနက သောက်ထားတဲ့ အရှိန်နဲ့ ရီဝေဝေ မူးနေတာတောင် ခပ်ပျောက်ပျောက် ဖြစ်ချင်သွားတယ်။ သူကိုကြည့်လိုက်တော့ ကိုယ့်ဆီက reply စကားတခုခုကို အသင့်အနေအထားနဲ့ စောင့်နေတယ်။ အရှေ့က ဘာပြောနေခဲ့လဲမသိပေမယ့် ဘာဆက်ပြောရမလဲဆိုတာတော့ ကိုယ်သိတယ်။ သူနဲ့က အမြဲငြင်းနေရတာဆိုပေမယ့် ဒီတခါကတော့ ဒီအတိုင်း ငြင်းနေရတာမျိုး မူးပြီးငြင်းနေတာမျိုးတို့လို မဟုတ်ပဲ အမူးပြေမတတ် ငြင်းနေရတာမျိုး ဖြစ်နေတယ်။ ဒီလောက်ပေါင်းလာတာ ကြာတဲ့သူကို မသိတော့ဘူး လို့ အငြင်းခံရတာတော့ ရင်ထဲအောင့်သီးအောင့်သက်ရယ်။ 


“ငါက နင်ငါ့ကို မသိအောင် ငါနဲ့ပတ်သက်သမျှ အကြောင်းတွေကို  တမင်သက်သက် ထိန်ချန်ပြီး နင်မို့လို့ မပြောပြတာမှ မဟုတ်ပဲ ဒီလိုပဲ.. လူတွေက တယောက်အကြောင်း တယောက်ပိုသိလာရင် ပိုပိုပြီး ဝေးသွားကြတာပဲ။ respect လည်း နည်းသွားတယ်လေ။ အဲ့တော့ သိဖို့မလိုတဲ့ အကြောင်းတွေဆို မပြောတာပဲ ရှိတာ ” ပြန်ငြင်းလိုက်ပေမယ့် တခါတခါ သူ့မှာက တခုခုကို ဖောက်ထွင်းမြင်သလိုမျိုး ပြောတတ်လွန်းလို့ သူပြောတာတွေ မှန်သွားမှာကိုလည်း မနစ်မြို သဘောမကျဘူး။ 


“ဒါကတော့ မတူဘူးလေ။ ဒါပေမဲ့ နင် ငါတို့ကိုမှ မပြောရင် နောက်ဆို နင့်ကို တကယ်သိတဲ့သူဆိုတာ ရှိတော့မှာမဟုတ်ဘူး ပိုပြီး ဝေးသွားကြဖိုပဲ ရှိတယ် ။ နင်မယုံရင် အဖွဲ့ထဲက တခြားကောင်တွေကိုပါ မေးကြည့် ”ဆိုပြီး ကိုယ့်ကို အကဲဖြတ်တဲ့ အကြည့်မျိူးနဲ့ ငြင်းနေတယ် ။ ပြီးတော့ သူဆက်ပြောတာက  သူနဲ့သိပ် မရင်းနှီးတဲ့သူငယ်ချင်းတောင် သူ့ကို အကုန်ပြောပြလိုက်ဖို့ မခက်ခဲတဲ့အကြောင်းတွေ ကိုယ့်ကျမှ ဒါလေးတွေ ပြောလိုက်ဖို့ ဘာကို ခက်နေတာလဲ ဆိုပြီး ဆက်မေးနေခဲ့တယ်။ သူဘာတွေမေးနေပြီး ကိုယ်ဘာတွေ မပြောတာလဲတော့ မသိဘူး။


သူအဲ့တုန်းက ပြောလိုက်တာ ဒီထက်ဆိုးတယ်။ ကိုယ်မှတ်မိလိုက်တာက ကိုယ်တို့ကြားမှာ အကြောင်းအရာတွေ မရှိတော့ရင် မျှဝေပြောပြတာမျိုး မလုပ်တော့ရင် နောက်ဆို ဘေးနားမှာ ဘယ်သူမှ မရှိတော့မယ့်ပုံစံမျိုး ကြောက်စရာကောင်းအောင် ပြောတာ။

 သူတကာထက်ပိုပြီး နားထောင်ပေးတတ်တာနဲ့ရော မလုံလောက်ဘူးလား။  ကိုယ့်ဘေးက လူတွေအကြောင်းကျတော့ ကိုယ်သိပြီး သူတို့ကိုယ့်အကြောင်း မသိတာကရော နံရံတွေခြားနေတာပဲလား။။  ဒါကို ကိုယ်က အေးစက်စွာခံစားမိနေတာက ပိုဆိုးစေတဲ့ အကြောင်းရင်းလား။           

အဲဒီ့နေ့က အတော်မှောင်တဲ့အထိ အဖြေမရတဲ့ မေးခွန်းတွေထဲ ကိုယ်တို့တွေ  ဆက်လက် ငြင်းခုန်နေခဲ့ကြတယ်။ 


နေ့တနေ့ရဲ့ နောက်ဆုံးမှာ လူတွေက ကိုယ်ရဲ့ တနေ့တာဇာတ်ကြောင်းတွေ ပြန်မျှဝေလိုက်ဖို့ သူတစိမ်းပဲဖြစ်ပစေ အနည်းဆုံးလူတယောက်လောက် လိုတယ်လို့ ဆိုခဲ့ရင်တောင် အဲဒီအစား ငါတို့တွေ အိပ်မက်တခုကို အစားထိုး မက်ကြည့်လို့ရော မရနိုင်ဘူးလား။ ဒါက ကိုယ့်ဆင်ခြေ သို့ စျေးဆစ်မှု တခုလို့ သူပြန်ငြင်းဦးမှာလား။

Comments